မကြာသေးခင်က ဂါဇာစစ်ပွဲ ယာယီအပစ်အခတ်ရပ်စဲရေးကာလအတွင်း ဟားမတ်စ်တွေ ပြန်လွှတ်ပေးလိုက်တဲ့ ဓားစာခံတွေနဲ့ တွေ့ဆုံခဲ့ရာမှာ လိင်ပိုင်းဆိုင်ရာ စော်ကားခံရမှု သတင်းတွေကို ကြားသိခဲ့ရကြောင်း အစ္စရေးဝန်ကြီးချုပ် ဘန်ဂျမင် နေတန်ယာဟုက ဒီဇင်ဘာ ၅ ရက်မှာ ပြောပါတယ်။
ဒီကိစ္စကို အမျိုးသမီးအခွင့်အရေးအဖွဲ့တွေနဲ့ လူ့အခွင့်အရေးအဖွဲ့တွေအနေနဲ့ အရေးယူ ဆောင်ရွက်ပေးဖို့ တောင်းဆိုလိုက်ပြီးတော့ အဲ့ဒီအဖွဲ့တွေရဲ့ ဒေါသတုံ့ပြန်မှုတွေကို မကြားရသေးဘူးလို့လည်း အစ္စရေးဝန်ကြီးချုပ်က ပြောဆိုခဲ့ပါတယ်။
မြေပြင်စစ်ဆင်ရေးကို ဂါဇာကမ်းမြောင်ရဲ့ တောင်ဘက်ကို ချဲ့ထွင်ခဲ့ပြီး “ကျွန်ုပ်တို့ လက်လှမ်းမမီနိုင်တဲ့နေရာ မရှိဘူး” လို့လည်း နေတန်ယာဟုက ပြောကြားခဲ့ပါတယ်။
ပြီးခဲ့တဲ့လတုန်းကပဲ အစ္စရေးရဲတပ်ဖွဲ့ဟာ အောက်တိုဘာ ၇ ရက် ဟားမတ်စ်တိုက်ခိုက်မှု အပြီးမှာ ရာဂဏန်းလောက်ရှိတဲ့ ဟားမတ်စ်တွေက သူတို့ဖမ်းဆီးခဲ့တဲ့ ဓားစာခံတွေအပေါ် လိင်ပိုင်းဆိုင်ရာ ရာဇဝတ်မှု ကျူးလွန်မှု ဖြစ်နိုင်ခြေတွေကို စုံစမ်းစစ်ဆေးနေကြောင်း ပြောကြားခဲ့ပါတယ်။
သူတို့ရဲ့ ရည်မှန်းချက်က သူတို့ဖမ်းဆီးခံထားခဲ့ရတဲ့ သံသယရှိသူတိုင်းကို စစ်ဆေးဖို့ ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
ရက်သတ္တပတ်များစွာ ကြာပြီးနောက်မှာ ရဲတပ်ဖွဲ့ဟာ နိုဗာပွဲတော် တိုက်ခိုက်မှုရဲ့ အမည်မဖော်သူ သက်သေတဦးဆီက အပါအဝင် မျက်မြင်သက်သေ အကောင့်ပိုင်ရှင်တွေဆီက ဗီဒီယိုမှတ်တမ်းတွေကို လွှင့်တင်ခဲ့ပါတယ်။
အဲဒီအထဲမှာ သေနတ်သမားတွေဟာ အမျိုးသမီးတဦးကို အုပ်စုဖွဲ့ မုဒိမ်းကျင့်ပြီး နောက်တယောက်ကိုတော့ ရင်သားကို လှီးဖြတ်ကာ လမ်းပေါ်ပစ်ချတာကို တွေ့ခဲ့တယ်လို့ ဆိုထားပါတယ်။
သေနတ်သမားဟာ အမျိုးသမီးကို မုဒိမ်းကျင့်နေရင်း ခေါင်းကို ပစ်သတ်လိုက်တာကိုလည်း တွေ့ခဲ့ရကြောင်း ရဲတပ်ဖွဲ့က နောက်ပိုင်းမှာ ထပ်ဖြည့်ပြောပါတယ်။
အစ္စရေး တရားရေးဝန်ကြီးဌာနက “သားကောင်တွေကို ညှဉ်းပန်းနှိပ်စက်တာ၊ ကိုယ်ထိလက်ရောက် စော်ကားတာ၊ မုဒိမ်းကျင့်တာ၊ အရှင်လတ်လတ် မီးရှို့တာ၊ ခြေလက်အင်္ဂါ အစိတ်အပိုင်းတွေ လှီးဖြတ်တာတွေ၊ ဦးခေါင်းကို သေနတ်နဲ့ပစ်သတ်တာ ဒါမှမဟုတ် မီးရှို့ခံရတာတွေ တွေ့ခဲ့ရတယ်” လို့ ပြောပါတယ်။
ဟားမတ်စ်ကတော့ သူ့ရဲ့လက်နက်ကိုင်အဖွဲ့ အဇ်အလ်ဒီးန်အလ်ကက်ဆမ် တပ်မဟာ အဖွဲ့ဝင်တွေရဲ့ လိင်ပိုင်းဆိုင်ရာစော်ကားမှုနဲ့ ဖြတ်တောက်ခြင်းဆိုင်ရာ စွပ်စွဲချက်တွေကို ပြင်းပြင်းထန်ထန် ငြင်းဆိုထားပါတယ်။
ကုလသမဂ္ဂက နှုတ်ဆိတ်နေခဲ့တယ်လို့ အစ္စရေးရဲ့ ဝေဖန်မှုတွေကြားမှာ အစ္စရေး-ဟားမတ်စ် ပဋိပက္ခ နှစ်ဖက်လုံးရှိ စစ်ရာဇဝတ်မှု စုံစမ်းစစ်ဆေးရေး ကော်မရှင်ဟာ ဟားမတ်စ်တို့ရဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု စွပ်စွဲချက်တွေကို စုံစမ်းစစ်ဆေးမှာ ဖြစ်ပါတယ်။
အဲဒီကော်မရှင်ဟာ ဘက်လိုက်မှုရှိတယ်လို့လည်း အစ္စရေးက စွပ်စွဲထားပြီး စုံစမ်းစစ်ဆေးမှုမှာ ပူးပေါင်းဆောင်ရွက်မှာ မဟုတ်ကြောင်းလည်း ပြောပါတယ်။
အစ္စရေးရဲ့ ၇၅ နှစ်တာ သမိုင်းတလျှောက် သွေးထွက်သံယိုမှု အဆိုးရွားဆုံးဖြစ်တဲ့ အောက်တိုဘာ ၇ ရက် တိုက်ခိုက်မှုအတွင်း သေဆုံးသူ ၁,၂၀၀ ရှိတဲ့အထဲ အနည်းဆုံး ၃၀၀ လောက်ဟာ အမျိုးသမီးတွေဖြစ်ကြောင်း အာဏာပိုင်တွေက ပြောကြားခဲ့ပါတယ်။
Source/Photo-Reuters