တနင်္သာရီတိုင်း၊ မြိတ်မြို့၊ ကွက်သစ်ရပ်ကွက်ရှိ နေအိမ်မှာ စစ်ကောင်စီတပ်သားတွေက လူငယ်အမျိုးသားသုံးယောက်ကို ဝင်ရောက်ဖမ်းဆီးခဲ့တယ်လို့ မြို့ခံတွေထံက သိရပါတယ်။
ဒီဇင်ဘာ ၃ ရက် ည ၁၂ နာရီဝန်းကျင်မှာ အမျိုးသား ၃ ယောက်ကို စစ်ကောင်စီဘက်က စစ်ကား ၂ စီးနဲ့ လာရောက်ဖမ်းဆီးခဲ့တာလို့ မြို့ခံတွေက ပြောပါတယ်။
ဖမ်းဆီးခံရသူတွေဟာ ညီအစ်ကိုတွေဖြစ်ကြပြီး အသက် ၃၁ နှစ်အရွယ်တဦး၊ အသက် ၂၇ နှစ်အရွယ်တဦးနဲ့ အသက် ၂၀ ဝန်းကျင်အရွယ်တဦး ဖြစ်ကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မြို့ခံတဦးက “ညီအစ်ကိုသုံးယောက်စလုံးကို လာရောက်ဖမ်းဆီးသွားတာပါ။ ဘာကြောင့်ဖမ်းဆီးလဲဆိုတာ တိတိကျကျ မသိသေးပါဘူး။ ညီအစ်ကိုသုံးယောက်မှာ အကြီးဆုံးတယောက်ကတော့ ရိုက်ခံထိထားတယ်” လို့ ပြောပါတယ်။
အခုလက်ရှိမှာတော့ ဖမ်းဆီးခံရတဲ့ အမျိုးသား ၃ ဦးကို မြိတ်မြို့မရဲစခန်းမှာ ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ နီးစပ်ရာ ဆွေမျိုးအသိုင်းအဝိုင်းတွေထံက သိရပါတယ်။
မြိတ်မြို့ရှိ ပျူအားကောင်းတဲ့ ရပ်ကွက်တွေမှာ နိုဝင်ဘာ ၂၀ ရက်လောက်က စပြီး ညမထွက်ရအမိန့်ကို ည ၁၂၊ မနက် ၄ နာရီကနေ ည ၈၊ မနက် ၄ နာရီအထိ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေက နှုတ်မိန့်နဲ့ ထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာလတုန်းက မြိတ်မြို့မှာ စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီးတွေက ဒေသခံပြည်သူတွေကို ညဘက်တွေမှာ ဖမ်းဆီးစစ်ဆေးတာမျိုး ပြုလုပ်ခဲ့ပြီး ငွေကြေး ခြိမ်းခြောက်တောင်းယူတာတို့၊ ခံဝန်ထိုးခိုင်းတာတို့နဲ့ ဆိုင်ကယ်တွေပါ သိမ်းတဲ့အထိ ပြုလုပ်တာတွေလည်း ရှိခဲ့တယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေထံက သိရပါတယ်။