ဧရာဝတီတိုင်း၊ မော်လမြိုင်ကျွန်းမြို့နယ်မှာ စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဝင်တွေက ရန်ပုံငွေရှာတဲ့အနေနဲ့ တရားမဝင် လောင်းကစားဝိုင်းတွေကို တပတ် ကျပ်ငွေ ၁၀ သိန်းယူပြီး ခွင့်ပြုပေးထားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ရဲအရာရှိတွေက နယ်မြေခံလုံခြုံရေးတပ်တွေအတွက် ရန်ပုံငွေရအောင်လို့ ကျေးရွာတွေဘက်မှာ ခြောက်ကောင်ဝိုင်း၊ ဂျင်ဝိုင်းနဲ့ ဖဲဝိုင်း လောင်းကစားဝိုင်းတွေကို လာဘ်ငွေယူပြီး ခွင့်ပြုပေးနေတာလို့ ဒေသခံတွေက ပြောပါတယ်။
ဒေသခံတဦးက “အဓိကလုပ်တာက ကျေးရွာတွေဘက်မှာ လုပ်တာများတယ်။ အရင်ကဆို ရဲတွေကို လိုင်းကြေးပေးလုပ်တာ၊ ဒါပေမဲ့ အဲ့တုန်းက ဖမ်းတာရှိတယ်။ ခုတော့ ရဲအရာရှိတွေကို ပေးပြီး လုပ်နေတာ၊ ပြည်သူ့စစ်တွေက လုံခြုံရေးပြန်ပေးတယ်၊ ဖမ်းမယ့်သူမရှိတော့ဘူး” လို့ ပြောပါတယ်။
စစ်ကောင်စီရန်ပုံငွေအတွက် အပတ်စဉ် လိုင်းကြေးပေးပြီး ဖွင့်လှစ်တဲ့ လောင်းကစားဝိုင်းတွေကို စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီးအဖွဲ့ဝင်တွေက အရပ်ဝတ်နဲ့ လုံခြုံရေးစောင့်ပြီး ကျေးရွာတွေဘက်မှာ အများဆုံးလုပ်လေ့ရှိတယ်လို့ ဆိုပါတယ်။
“လူငယ်တွေ အများစုက ဒေသအလုပ်အကိုင်တွေကို စိတ်ပါဝင်စားမှု အားနည်းလာတယ်။ လူငယ်တွေ လမ်းမှားရောက်လာပြီ။ ကုန်ဈေးနှုန်းတွေကတက်၊ ခေတ်ကာလကမကောင်း၊ စားဖို့နေရေးတွေက အဆင်မပြေတဲ့အထဲ အခုလို အလောင်းကစားတွေ ရှိနေတာက ဒေသတွက် ကြီးမားတဲ့ ပြဿနာဆိုးပဲ။ တရားမဝင် အလောင်းကစားတွေက တနေ့နဲ့တနေ့ အတင့်ရဲလာတယ်။ အခုနောက်ပိုင်း ကြက်ဝိုင်းတွေပါ ထပ်လုပ်လာတယ်” လို့ ဒေသခံတဦးက ပြောပါတယ်။
စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း တော်လှန်ရေးမလုပ်အောင် ဧရာဝတီတိုင်း မြို့နယ်တွေမှာရှိတဲ့ ကျေးရွာတွေမှာ လောင်းကစားဝိုင်းတွေ အများဆုံး ဖွင့်လှစ်ခွင့်ပေးထားပြီး နောက်ဆက်တွဲအနေနဲ့ လောင်းကစားဝိုင်းတွေ ပေါ်ပေါ်တင်တင် လုပ်လာပြီးနောက် ရွာထဲမှာရှိတဲ့ နေအိမ်တွေက အသုံးအဆောင်ပစ္စည်းတွေ ပျောက်တဲ့ဖြစ်စဉ်တွေ မကြာခဏဖြစ်လာပြီး မိသားစု အိမ်တွင်းရေးပြဿနာတွေလည်း ဖြစ်လာတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ဒါ့အပြင် လယ်ယာလုပ်ငန်းတွေမှာ အသုံးပြုရတဲ့ ကျွဲ၊ နွားတွေ၊ ဆိုင်ကယ်တွေ၊ ကားဘက်ထရီအိုးတွေ၊ ဆိုလာတွေ ပျောက်ဆုံးတာ၊ လမ်းပေါ်သွားလာသူတွေရဲ့ ဆွဲကြိုးတွေ လုယက်ခံရတာတွေ မကြာခဏဆိုသလို ဖြစ်ပွားလာတယ်လို့ သိရပါတယ်။