Home
မြန်မာသတင်း
မိုင်းလုံတွင် စစ်စခန်း တိုက်ခိုက်ခံရ၊ စစ်တပ်ဗုံးကြဲမှုကြောင့် အမျိုးသမီး  ၁ ဦး သေဆုံး
DVB
·
December 5, 2023
Mine Lone SAC Attack_05122023

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မိုင်းလုံမြို့က စစ်ကောင်စီတပ်စခန်း ဒီဇင်ဘာ ၅ ရက် ဒီမနက် ၅ နာရီက စတင်ပစ်ခတ်တိုက်ခိုက်ခံရပြီးနောက် စစ်တပ်က လေယာဥ်နဲ့ ဗုံးကြဲ တိုက်ခိုက်ခဲ့တဲ့အတွက် ပြည်သူ တယောက်  ထိမှန်သေဆုံးခဲ့တယ်လို့ ဒေသခံထံက သိရပါတယ်။

မိုင်းလုံမြို့ကို စစ်ကောင်စီတပ်က လေယာဥ်နဲ့ နှစ်ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အထက်ရပ်မှာရှိတဲ့ နေအိမ်ကို ထိမှန်ကာ နေအိမ်အတွင်းက အမျိုးသမီးတယောက် ထိမှန်သေဆုံးခဲ့တာလို့ ဒေသခံတဦးက ဆိုပါတယ်။

“အမျိုးသမီးတဦးက လေယာဥ်ကပစ်တဲ့ လက်နက်ထိပြီး အူပွင့်ပြီး သေသွားတာပါ။ နေအိမ်တွေလည်း မီးလောင်နေတယ်။ ခုထိ လက်နက်ကြီးတွေနဲ့ ပစ်နေတုန်းပဲ။ အင်တာနက်လိုင်းက မရဘူး။”

မိုင်းလုံမြို့ စစ်ကောင်စီတပ်စခန်းကုန်း ဒီဇင်ဘာ ၅ ရက် မနက် ၅ နာရီကနေ ၁၀ နာရီအထိ ပစ်ခတ်တိုက်ခိုက်ခံနေရတာလို့ သိရပါတယ်။

ဒေသခံအမျိုးသမီးတဦးက “ဒီဘက်မှာက TNLA တပ်တွေပဲ ရှိတာ။ ဒီဘက်က အရင်ကတည်းက သူတို့နယ်လေ၊ စစ်တပ်က နည်းနည်းပဲရှိတာ။ ဘယ်အဖွဲ့နဲ့ဖြစ်တာလဲတော့ မသိရသေးဘူး။ လက်နက်ကြီးသံတွေ သေနတ်သံတွေကတော့ ဆက်တိုက်ပဲ” လို့  ပြောပါတယ်။

မိုင်းလုံမြို့မှာ အာဏာသိမ်းပြီးနောက် အင်တာနက်လိုင်း ပြတ်တောက်နေတာဖြစ်ပြီး ဖုန်းလိုင်းတွေလည်း ဒီနေ့မနက်က စတင်ပြီး ပြတ်တောက်သွားတယ်လို့ သိရပါတယ်။

မိုင်းလုံမြို့ စစ်ကောင်စီတပ်စခန်းကို ဘယ်အဖွဲ့တွေက ဝင်တိုက်တယ် ဆိုတာကို သက်ဆိုင်ရာ အဖွဲ့တွေဘက်က တရားဝင် သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024