ရုရှားစစ်တပ်ရဲ့ တပ်မ ၁၄ စစ်ဆင်ရေးညွှန်ကြားမှုဆိုင်ရာ လက်ထောက်တပ်မှူး ဗိုလ်ချုပ် ဗလာဒီမာ ဇာဗက်ဒ်စကီးဟာ ယူကရိန်းနိုင်ငံထဲမှာ သေဆုံးသွားပြီလို့ ဒေသဆိုင်ရာ ထိပ်တန်းအရာရှိတဦးက ဒီဇင်ဘာ ၄ ရက်မှာ ပြောပါတယ်။
ရုရှားနိုင်ငံ ဗိုရိုနက်ဇ်ဒေသ အုပ်ချုပ်ရေးမှူး အလက်ဇန်းဒါး ဂူရှက်ဗ်က ဇာဗက်ဒ်စကီးဟာ အထူးစစ်ဆင်ရေးဇုန်ထဲက တိုက်ခိုက်ရေးစခန်းမှာ သေဆုံးခဲ့တာလို့ ပြောပါတယ်။
ဇာဗက်ဒ်စကီးဟာ ကွယ်လွန်ကြောင်း ရုရှားအစိုးရက အတည်ပြုထားတဲ့ ၇ ယောက်မြောက် ဗိုလ်ချုပ်ဖြစ်ပြီး ယူကရိန်းမှာ ရုရှားအထူးစစ်ရေးစစ်ဆင်ရေးလို့ ခေါ်တဲ့ စစ်ဆင်ရေး စတင်ချိန်ကစပြီး အကြီးတန်းအရာရှိ ၁၂ ဦး သေဆုံးခဲ့ပြီးပြီလို့ စုံစမ်းဖော်ထုတ်ရေး သတင်းဌာန iStories က ပြောပါတယ်။
ဇာဗက်ဒ်စကီးဟာ ဆုတံဆိပ်အများအပြား ရထားတဲ့ အရာရှိတယောက်ဖြစ်ပြီး တင့်ကား တပ်မှူးဟောင်းလည်း ဖြစ်ပါတယ်။
သူသေဆုံးမှုဟာ ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိလောက်အောင် နာကျင်ရတဲ့ ကြီးမားတဲ့ ဆုံးရှုံးမှုပဲလို့ ဂူရှက်ဗ်က ပြောခဲ့ပါတယ်။
Source/Photo-Reuters