အမေရိကန်နိုင်ငံရေး ပဉ္စလက်လှည့်ကြီးဖြစ်ခဲ့သူ အသက် ၁၀၀ ရှိ ဟင်နရီ ကစ်ဆင်ဂျာသည် နိုဝင်ဘာ ၂၉ ရက်နေ့တွင် ကွယ်လွန်သွားခဲ့ပြီ ဖြစ်သည်။
ကစ်ဆင်ဂျာသည် သူဖြစ်ချင်ခဲ့သည့် နေရာမျိုး ရရှိသွားခဲ့ခြင်းမရှိဟု အစချီကာ အီကော်နောမစ် မဂ္ဂဇင်းမှ ယခုလို ရေးသားခဲ့သည်။
အမေရိကန်မှ ကမ္ဘောဒီယားကို ကျူးကျော်တိုက်ခိုက်ခဲ့ချိန် ၁၉၇၀ ဇွန်လ အစောပိုင်းတွင် ကစ်ဆင်ဂျာသည် အိမ်ဖြူတော်ရှေ့ လာဖေရက် ပန်းခြံထဲတွင် သူ အမြဲတွေ့နေကျ ငြိမ်းချမ်းရေး လိုလားသူတဦးဖြစ်သည့် အသက် ၂၇ နှစ်အရွယ်ရှိ ဘရိုင်ယန် မက်ဒေါနယ်အား လူမသိ သူမသိ သွားရောက်တွေ့ဆုံ စကားစမြည် ပြောခဲ့သည်။ ထိုသို့ တွေ့ဆုံခဲ့မှုသည် စစ်ပွဲကို အပြင်းအထန် ဆန့်ကျင်နေသူများအား ဖျောင်းဖျနားချနိုင်ရန် ကြိုးပမ်းနေမှု၏ တစိတ်တပိုင်းအဖြစ် ပါဝင်ခဲ့သည်။
ကစ်ဆင်ဂျာသည် အခြား သူ့အား ဝေဖန်နေသူများကဲ့သို့ပင် ဘရိုင်ယန်ကိုလည်း နားဝင်အောင် မပြောနိုင်ခဲ့၊ သို့သော် သူတို့နှစ်ဦး အဆက်အသွယ်မပြတ် ဆက်ရှိနေခဲ့သည်။ အမျိုးသား လုံခြုံရေးအကြံပေးဖြစ်သူနှင့် ဆံရှည်ကိုယ်တော် ဘရိုင်ယန်တို့ မကြာခဏဆိုသလို တွေ့ဆုံပြီး စစ်ပွဲမှသည် ကန့်၏ တွေးခေါ်မြော်မြင်မှု သဘောတရားများပါမကျန် ဆွေးနွေး ပြောဆိုနေကြချိန်တွင် သမ္မတ နစ်ဆင်သည် အိမ်ဖြူတော်၏ အနောက်ဘက်ဆောင်တွင် သုန်သုန်မှုန်မှုန် မျက်နှာပေးနှင့် ထိုင်နေချိန်မျိုးလည်း ဖြစ်သည်။
ကစ်ဆင်ဂျာသည် သူ့အား ဝေဖန်နေသူများကို သဘောပေါက်အောင် ပြောနိုင်လိမ့်မည်ဟူသော သူ၏ယုံကြည်မှုကို တခါဖူးမျှ စွန့်လွှတ်ခဲ့ခြင်း မရှိပေ။ ဘရိုင်ယန်နှင့် ပြောဆိုခဲ့မှုကိုပင် တဦးနှင့် တဦး အပြန်အလှန် နားမလည်ဖြစ်နေမှုအကြား ယာယီတံတားတခု ဆောက်နိုင်ခဲ့မှုဟု ပြောဆိုခဲ့သည်။
ထိုသို့ ဝေဖန်နေသူများထဲတွင် ကမ္ဘာတွင် ဩဇာတိက္ကမရှိသူများ၊ အိမ်ဖြူတော် သတင်းစာရှင်းလင်းပွဲလာ ထိပ်တန်းသတင်းထောက်များသာမက ထိုကဲ့သို့ ပုဂ္ဂိုလ်မျိုးများနှင့် အလှမ်းဝေးသည့် ဘရိုင်ယန်လို ဆံရှည်ကိုယ်တော် ငြိမ်းချမ်းရေးသမားများကိုပင် ထည့်သွင်းထားသူဖြစ်သည်။
သူသည် ဒုတိယကမ္ဘာစစ် မတိုင်မီ ဂျာမနီ ပြည်တွင်း ဂျူးတယောက်အဖြစ် အပယ်ခံဘဝနှင့် လူဖြစ် ကြီးပြင်းခဲ့သူဖြစ်သည်။ နာဇီများက ဂျူးဖြစ်နေသည်ဆိုသော အကြောင်းပြချက်ဖြင့် ဖခင်ဖြစ်သူအား အထက်တန်းပြကျောင်းဆရာ အလုပ်မှ ထုတ်ပယ်ခံခဲ့ရချိန်တွင်တော့ မိခင်ဖြစ်သူသည် “ဟစ်တလာ တိုင်းပြည်” တွင် သူ၏ကလေးများအတွက် အနာဂတ် မရှိတော့ ဆိုသည်ကို စောစီးစွာ သဘောပေါက်လာခဲ့သည်။
မိသားစုနှင့်အတူ အမေရိကားသို့ ထွက်ပြေးလာခဲ့သော ထိုစဉ်က ဟိန်းဇ် ခေါ် ကစ်ဆင်ဂျာသည် ၁၅ နှစ်အရွယ်သာ ရှိပေသေးသည်။ သူသည် ညီငယ်ဖြစ်သူ ဝေါ်လ်ဝာာကဲ့သို့ ဂျာမန် လေယူလေသိမ်း ပျောက်အောင် တခါဖူးမျှ အားထုတ်ခဲ့ခြင်းမရှိသူ ဖြစ်သည်။
သူ့အား ဝေဖန်သူများကပင် ထက်မြက်သော ဉီးနှောက်ပိုင်ရှင် ဖြစ်သည်ဟု ဝန်ခံ ပြောဆိုခဲ့ကြရသည်။ သူ၏ ဘွဲ့ယူစာတမ်းသည် ၃၈၃ မျက်နှာအထိရှိအောင် ရှည်လျား ထွေပြားလွန်းနေသဖြင့် နောက်ပိုင်းတွင် ဟားဗတ်တက္ကသိုလ်မှ ထိုပမာဏ၏ တဝက်ထက် မများစေရ ဆိုကာ Kissinger Rule အဖြစ် သတ်မှတ်ပေးခဲ့ရသည်။
သူ၏စာတမ်းသည် နပိုလီယံ အရေးနိမ့်သွားပြီးနောက် ဥရောပတွင် တည်ငြိမ်မှုရရှိအောင် သံတမန်ရေးဖြင့် ထိန်းပေးနိုင်ခဲ့ပုံကို ဆန်းစစ် သုံးသပ်ပြသည့်အကြောင်း ဖြစ်သည်။
၁၅ နှစ် အကြာတွင် နစ်ဆင်၏ အစိုးရအဖွဲ့ထဲ ရောက်လာခဲ့သည်။ ၁၉ ရာစုနှစ်အတွင်း အင်္ဂလန် နိုင်ငံခြားရေးဝန်ကြီး ဖြစ်ခဲ့သူ ကာဆယ်ရီးနှင့် ဩစတြီးယား အင်ပိုင်ယာ၏ ပြည်ထဲရေးဝန်ကြီး မက်တာနစ်ခ်ျတို့၏ အတွေးအခေါ်များကို လေ့လာခဲ့ခြင်းကြောင့် အမေရိကန်နှင့် ဆိုဗီယက်ယူနီယံတို့၏ တဦးပေါ်တဦး အသာစီးရရန် အကြိတ်အနယ် လုံးပန်းနေသည့် ရည်မှန်းချက်ကို ကောင်းစွာ ဖမ်းဆုပ်နိုင်ခဲ့သည်။
သူသည် အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန၏ တရားဝင် သတ်မှတ်ထားသော လုပ်ငန်းဘောင်ပြင်ပမှ လုပ်ကိုင်တတ်သူမျိုး ဖြစ်သည်။ အမေရိကန်၏ သံတမန်ရေး လမ်းကြောင်းသည် တီထွင်ဖန်တီးမှုမရှိ ဖန်တရာတေအောင် သုံးနေ၍ အားအင် ကုန်ခန်းသလောက် ဖြစ်နေပြီဟု ယူဆခဲ့၍လည်း ဖြစ်သည်။
ဆရာသမားဖြစ်သူ နစ်ဆင်သည်လည်း လူမသိ သူမသိ ကြံရသည်ကို အကြိုက်တွေ့သူ ဖြစ်၍လည်း ရုရှား၊ တရုတ် အပါအဝင် လူတိုင်းနီးပါးနှင့် ကန်လန့်ကာနောက်ကွယ်မှ သူ၏ လှုပ်ရှားမှုများကို သဘောခွေ့လာခဲ့သည်။
အမှုကြီးသည် ငယ်သည်ဖြစ်စေ သူ၏ လှည့်ဖျားတတ်မှုသည် အသုံးတည့်ခဲ့သည်ချည်းသာ ဖြစ်သည်။ သူ၏အဖွဲ့သားများက အိမ်ဖြူတော်တွင် ထမင်းစားခွင့်မရသည့် အဖြစ်ကို မကျေမနပ် ပြောလာသည့်အခါ ထိုသို့ဖြစ်ရခြင်းသည် အိမ်ဖြူတော် ဝန်ထမ်းအကြီးအကဲ၏ အပြစ်ဟု လှီးလွှဲ ပြောခဲ့သည်။ တကယ်တမ်းတွင် ထိုသို့ ညစာစားခွင့် မပေးခဲ့ခြင်းသည် သူ၏ အိုင်ဒီယာသာ ဖြစ်သည်။သူ၏ အမျိုးသားလုံခြုံရေး အဖွဲ့ဝင်များ နေ့လယ်စာ စားရင်းသောက်ရင်း အခြားလူများနှင့် ရောနှောမိသွားပြီး အဆက်အသွယ်များရသွားမည့် အရေးကို မလိုလားသောကြောင့် ဖြစ်သည်။
မျက်နှာပြောင်တိုက်ပြီး လိမ်ရမည့်အရေးနှင့် ကြုံလာလည်း ကျွမ်းကျွမ်းကျင်ကျင် လုပ်နိုင်သူမျိုးလည်းဖြစ်၍ သူနှင့် စကားစစ်ထိုးနေကျ အစ္စရေးဝန်ကြီးချုပ် ရှီမွန် ပီးယက်ဇ်မှ “သူ မြင်ဖူးသမျှထဲတွင် စကားကို ဖြောင့်ဖြောင့်တန်းတန်းပြောဖို့ ဝန်အလေးဆုံးလူစား” ဟု ပြောခဲ့ဖူးသည်။
သူသည် ကာဆယ်ရီးကဲ့သို့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်ထားမှု ပျောက်ဆုံးစေတတ်သည့် ထောင်ချောက်မျိုးထဲ ခေါင်းတိုးမဝင်မိစေရန် သတိထားတတ်သူ ဖြစ်သည်။ သူ၏ သုံးအုပ်တွဲ ကိုယ်ရေး အတ္ထုပ္ပတ္တိသည် သူ၏ အောင်မြင်မှုများကို ပြည့်စုံအောင် ဖော်ပြနိုင်စွမ်းမရှိဟု ဆိုကာ စာရေးသူ ဝေါ်လ်တာ အိုင်စက်ကွန်နှင့် အတော်ကြာကြာ စကားမပြောဘဲ နေခဲ့ဖူးသည်။
လက်ထောက် အတော်များများလည်း သူနှင့် လမ်းခွဲခဲ့ကြသော်လည်း အများအပြားလည်း သူနှင့် သစ္စာရှိစွာ မခွဲမခွာ ရှိနေခဲ့သည်။ ထိုသို့ ရှိနေခြင်းမှာလည်း ကြုံလာရသည့် အရေးကြီးသော ပြဿနာများတွင် သူတို့၏အမြင်ကို ပြောခွင့်ပေးထားခဲ့ခြင်းကြောင့်ပင် ဖြစ်သည်။
သူ့အဖို့ အရေးကြီးဆုံး ကြုံလာရသည့် ပြဿနာကား ဗီယက်နမ်စစ်ပွဲ၏ အပျက်အစီးပုံများ အကြားတွင် အမေရိကန်၏ နိုင်ငံခြားရေးမူဝါဒကို ပြန်လည်တည့်မတ်ပေးရန် လိုအပ်လာချိန်တွင် ဖြစ်သည်။
၁၉၇၂ တွင် အမေရိကန်သည် အခြေအနေမလှ ဖြစ်လာခဲ့သည်။ နိုင်ငံတကာအလယ်တွင် အရှက်တကွဲ အကျိုးနည်း ဖြစ်လာခဲ့ပြီး ပြည်တွင်းတွင်လည်း အကွဲကွဲအပြားပြား ဖြစ်နေပြန်သည်။ ကစ်ဆင်ဂျာသည် တရုတ်နှင့် ဆိုဗီယက်အကြား ရန်စောင်နေမှုများ မြင့်တက်လာနေသည်ကို အခွင့်အရေးတရပ်အဖြစ် အသုံးချပြီး မျှခြေတခု အသစ်ဖန်တီးနိုင်မှသာ နှစ်ဖက်စလုံးက ၎င်းတို့၏ အနေအထား မြှင့်တင်လာနိုင်ရန် အမေရိကန်ဘက် လှည့်လာကြလိမ့်မည်ဟု တွက်ဆလာခဲ့သည်။
ဤသို့ဖြင့် အစ္စရေးနှင့် အီဂျစ်အကြား လွန်းပျံခရီးစဉ် စတင်ခဲ့ပြီး အရှေ့အလယ်ပိုင်းတွင် ဆိုဗီယက်၏နေရာတွင် အမေရိကန်တို့ ဝင်ရောက်နေရာယူနိုင်ရန် လုံးပန်းလာခဲ့သည်။ သူ တစိုက်မတ်မတ် ကိုးကွယ်ခဲ့သော ၁၉ ရာစုနှစ် သူရဲကောင်းကြီးများ၏ နိုင်ငံရေး ပစ္စလက် အတတ်ကို ထိုက်ထိုက်တန်တန် အသုံးချနိုင်ခွင့် ရသွားခဲ့ခြင်းပင် ဖြစ်သည်။ အရာရာတိုင်းသည် အမေရိကန်ကို မျက်နှာသာမပေး ဖြစ်နေချိန်တွင် သူ့ကြောင့် အန်ကယ်ဆမ်သည် ဒရိုင်ဘာ ထိုင်ခုံတွင် နေရာပြန်ယူခွင့် ရသွားခဲ့သည်။
သူသည် ထို့အတွက် ကျေးဇူးတင်ခံခဲ့ရသလားဟု မေးစရာရှိလာသည်။ သူ့အပေါ် သံသယရှိသူများနှင့် ပညာရှင်များက အမေရိကန်မူများနှင့် လူတသန်းခန့်၏ အသက်များဖြင့် ရင်းခဲ့ခြင်းဟု ပြောခဲ့ကြသည်။ အမေရိကန်အား အများ၏ ‘ယုံကြည်ကိုးစားမှု’ ရရန်အတွက် ဗီယက်နမ်စစ်ကို ဆက်၍ ဆင်နွှဲခဲ့ရုံမက ကမ္ဘောဒီးယားနှင့် လာအိုကိုပါ ကျူးကျော် တိုက်ခိုက်စေခဲ့သည်။
ဘင်္ဂလားဒေ့ရှ်ဟု ဖြစ်လာမည့် အရှေ့-အနောက် ပါကစ္စတန်စစ်ပွဲကြီးတွင် လူမျိုးတုံး သတ်ဖြတ်မှုကြီး ဖြစ်ပွားခဲ့သည်ကိုပင် ကောင်းချီးပေးခဲ့သည်။ ပါကစ္စတန်သည် ထိုအချိန်က တရုတ်နှင့်ပေါင်း၍ သူ့အား အကူအညီပေးနေခြင်းကြောင့်ပင် ဖြစ်သည်။
ချီလီတွင် ဖြစ်ပွားခဲ့သော အာဏာသိမ်းပွဲနှင့် လုပ်ကြံသတ်ဖြတ်မှုများ၊ အင်ဂိုလာတွင် ဖြစ်ပွားခဲ့သော ပုန်ကန်ထကြွလာမှုများကို အကွက်ချ စီစဉ်ခဲ့သူလည်း ဖြစ်သည်။ ထိုသို့မလုပ်က နိုင်ငံများသည် ဆိုဗီယက်တို့၏ အကြံအစည်များကြောင့် ဒိုမီနိုအချပ်များလို တခုပြီးတခု ပြိုလဲလိုက်လာမည်ဟု ယုံကြည်ခဲ့၍လည်း ဖြစ်သည်။
၁၉၇၃ ခုနှစ်အတွက် နိုဘယ်လ်ဆု ချီးမြှင့်ခံရချိန်တွင် ဗြိတိသျှ သတင်းစာဆရာ ခရစ္စတိုဖာ ဟစ်ချင်းစ်မှ နိုဘယ်လ်ဆုအစား စစ်ရာဇဝတ်မှုများနှင့် ခုံရုံးတင်သင့်သည်ဟု ပြောခဲ့ဖူးသည်။ ထိုသို့သော အပြောများက လူနည်းစုထံမှသာ ဖြစ်သည်ဟု သူ့ကိုယ်သူ ပြန်နှစ်သိမ့်ခဲ့သည်။
အသက်အရွယ် ရလာသည့်အခါ သူ့အပေါ် ဝေဖန်မှုများက ပို၍ ကျယ်လောင်လာခဲ့သည်။ အမေရိကန်၏ လွတ်လပ်ခွင့်ကို မြတ်နိုးမှု၊ ပြန်လည်ရုန်းထနိုင်စွမ်းတို့ကို နိုင်ငံရေး လက်တွေ့ဝါဒနှင့် စတေးပစ်ခဲ့သည်ဟု ပြောလာကြသော်လည်း သူ၏ အန္တိမ ရည်မှန်းချက်သည် သူ့အား ဂျာမနီပြည်မှ အပြီးအပိုင် မောင်းထုတ်ပစ်စေခဲ့သည့် ကမ္ဘာစစ်ကြီးမျိုး ထပ်မံ မပေါ်ပေါက်ရန် မည်သို့ပင် လုပ်ရလုပ်ရ ဝန်မလေး ဆိုသည်ကို ထိုသို့ ဝေဖန်နေသူ တဦးတလေကမျှ သဘောပေါက်ခဲ့ကြခြင်း မရှိပေ။
ထို့အတွက်ကြောင့်လည်း အမေရိကန်အစိုးရအဖွဲ့တွင် သူ ပါဝင်ခဲ့သည့် ၁၉၆၉-၇၇ ကာလများတွင် သံခင်းတမန်ခင်းများ အကြီးအကျယ် ထကြွလှုပ်ရှားခဲ့သည့် အချိန်များ ဖြစ်လာခဲ့သည်။ အပြင်လောကသို့ ရောက်သွားချိန်တွင်တော့ ကစ်ဆင်ဂျာ နိုင်ငံခြားရေးမူဝါဒ ယန္တရားကြီး ကျန်ရစ်ခဲ့ခြင်း မရှိတော့။ အထင်ကရ နိုင်ငံရေးပုဂ္ဂိုလ်ကြီးအဖြစ် အများသူငါလို ငွေအမြောက်အမြား ရရှိလာခဲ့သည်။
တရုတ်ပြည်တွင် သူသည် စူပါစတားတယောက် ဖြစ်လာခဲ့သည်။ အသက် ၉၀ ကျော်လာချိန်တွင် ခေါင်းဆောင်မှု အရည်အသွေး၊ ဉာဏ်ရည်တု၏ အန္တရာယ်များအကြောင်း စာအုပ်များ ရေးသားခဲ့သည်။ လူသားတို့၏ အသိဉာဏ်ပွင့်လင်းမှု အဆုံးသတ်သွားမည့် အရေးကို စိုးရိမ်ပူပန်လာခဲ့သည်။ သူ့ကိုယ်သူလည်း လူယဉ်ကျေးမှုကို ထိန်းသိမ်း ကာကွယ်ပေးမည့် အမြော်အမြင်ရှိသူတဦးဟုလည်း မှတ်ယူခဲ့သည်။
သို့သော် သူ အမှန်တကယ် တောင့်တခဲ့သည့် အမေရိကန် ဩဇာအာဏာ ဖြစ်တည်ရာ သီးသန့် အတွင်းစည်းဝိုင်းထဲသို့ ဝင်ရောက်နိုင်ခဲ့ခြင်း မရှိဘဲ ကွယ်လွန်သွားခဲ့ပြီ ဖြစ်သည်။
(၂၀၂၃ နိုဝင်ဘာ ၂၃ ရက်နေ့ အီကော်နောမစ် မဂ္ဂဇင်းပါ “Henry Kissinger never quite belonged where he wanted to be” ဆောင်းပါးကို ပြန်လည်တင်ပြခြင်း ဖြစ်သည်။)