ထိုင်းနိုင်ငံအနောက်ပိုင်း မြန်မာနယ်စပ် ပရကျုပ်ခီရီခန်ခရိုင်ထဲမှာ ဒီဇင်ဘာ ၅ ရက် ဒီနေ့မနက်က ခရီးသည်တင် ဘတ်စ်ကားတစီး မတော်တဆ သစ်ပင်နဲ့ ဝင်တိုက်မိတာကြောင့် ကားထဲက ခရီးသည် ၁၄ ဦး သေဆုံး၊ ၃၅ ဦး ထိခိုက်ဒဏ်ရာရသွားတယ်လို့ ထိုင်းရတ်သတင်းမှာ ဖော်ပြပါတယ်။
ဒီကနေ့မနက် ၁ နာရီလောက်က ပရကျုပ် ခီရီခန်ခရိုင် ထပ်ဆကဲမြို့နယ် ဟွေ့ယန်းအုပ်စု ဖစ်ကဆဲမ်လမ်းမကြီးပေါ်မှာ ယာဉ်မတော်တဆ ထိခိုက်မှုဖြစ်ပြီး ဒဏ်ရာရသူ အများအပြား ရှိကြောင်း သတင်းပေးပို့ချက်ရတဲ့အတွက် အရေးပေါ် လူနာတင်ကား၊ ကျန်းမာရေးဝန်ထမ်း၊ အုပ်ချုပ်ရေးရုံး တာဝန်ရှိသူတွေနဲ့အတူ သွားရောက်စစ်ဆေးခဲ့တယ်လို့ ဟွေ့ယန်းနယ်မြေ ရဲတပ်ဖွဲ့ တာဝန်ရှိသူက သတင်းထောက်ကို ပြောပါတယ်။
အခင်းဖြစ်တဲ့နေရာမှာ ထိုင်းတောင်ပိုင်း ဆုန်ခလာခရိုင်နဲ့ ဘန်ကောက်ကြား ပြေးဆွဲနေတဲ့ ဆီဆယမ်ကုမ္ပဏီအပိုင် ခရီးသည်တင်ဘတ်စကားတစီး လမ်းဘေးကနေ ထိုးကျပြီး သစ်ပင်တပင်ကို ဝင်တိုက်ထားတဲ့ အနေအထားရှိကြောင်း၊ အဆိုပါသစ်ပင်မှာ နှစ်ခြမ်းကွဲ ထွက်သွားတာကြောင့် လွန်စွာ အရှိန်ပြင်းမယ်လို့ ယူဆပြီး ကားမှာလည်း ထိခိုက်ဒဏ်ရာရသူတွေ ရှိနေတယ်လို့ ဆိုပါတယ်။
ကယ်ဆယ်ရေးအဖွဲ့ဝင်တွေက ကားထဲက ဒဏ်ရာရလူနာတွေကို ဖြည်းဖြည်းချင်း သယ်ထုတ်နေရာမှာ သေဆုံးသူ ၁၄ ဦးရှိပြီး ဒဏ်ရာရသူ ၃၅ ဦးရှိကြောင်း၊ အဲဒီထဲမှာ ဒဏ်ရာပြင်းထန်သူတွေလည်း ပါရှိပြီး အားလုံးကို ထပ်ဆကဲပြည်သူ့ဆေးရုံနဲ့ ပရကျုပ်ခီရီခန် ခရိုင်ဆေးရုံကြီးကို ပို့ဆောင်ထားတယ်လို့ ဆိုပါတယ်။
အဆိုပါကားဟာ မနေ့ညက ဆုန်ခလာခရိုင် နားထဝီးမြို့ အဝေးပြေးဂိတ်ကနေ ထွက်ခွာခဲ့ကြောင်း၊ ကားပေါ်မှာ ယာဉ်မောင်းနဲ့ စပါယ်ယာ ပေါင်း ၃ ဦး၊ ခရီးသည် ၄၆ ဦး စီးနင်းလိုက်ပါလာကြောင်း၊ လမ်းဘေးစားသောက်ဆိုင်မှာ တထောက်နားပြီး ခရီးဆက်ထွက်ခွာလာစဉ် အခင်းဖြစ်တဲ့နေရာမှာ စက်ချို့ယွင်းပြီး လမ်းဘေးထိုးကျသွားတာလို့ ဆိုပါတယ်။
ယာဉ်တိုက်မှုဖြစ်ပွားရတဲ့ အကြောင်းရင်းကို ဆက်လက်စစ်ဆေးနေဆဲပဲလို့ တာဝန်ရှိသူက ပြောသွားပါတယ်။
SOURCE-THAIRATH