ကော့ကရိတ်မြို့မှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပြီး စစ်ကောင်စီရဲ့ မြေပြင်လက်နက်ကြီးနဲ့ လေကြောင်းတိုက်မှုတွေကြောင့် ပိတ်မိနေသူတွေရှိပြီး အကူအညီတွေ လိုအပ်နေပါတယ်။
ဒီဇင်ဘာ ၁ ရက် မနက် ၅ နာရီလောက်ကစတင်ပြီး ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့တွင်း မြို့ပြင်တဝိုက်မှာ စစ်ကောင်စီတပ်နဲ့ KNLA ပူးပေါင်းတပ်ဖွဲ့တို့ နှစ်ဖက်တိုက်ပွဲတွေ ပြင်းထန်နေပြီး နှစ်ဖက်တိုက်ပွဲအတွင်း မြို့ခံပြည်သူတွေ ထိမှန်သေဆုံးတာနဲ့ ပိတ်မိနေသူတွေ ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ချောင်တောင်ရပ်ကွက်အတွင်း ပိတ်မိနေတဲ့ အမျိုးသမီးတဦးက “အခုထိ ထွက်လို့မရသေးဘူး။ ကားလိုနေတာ။ လူနာတွေလည်းပါတော့ ဂိတ်ကိုလည်း သွားလို့မရဘူး။ ဂိတ်အထိရောက်ရင် သွားလို့ရပြီ။ အခု ကိုယ့်အိမ်ကနေထွက်ဖို့ပဲ လိုနေတယ်။ အခြေအနေက ပစ်နေတယ်”လို့ ပြောပါတယ်။
ပိတ်မိနေတဲ့ စစ်ဘေးရှောင်ပြည်သူတွေကို ပရဟိတအဖွဲ့တွေအနေနဲ့ မြို့တွင်းဝင်ရောက်ပြီး ကယ်ဆယ်လို့ပေမဲ့ လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် မြို့တွင်း မဝင်ရောက်ရဲတဲ့အပြင် ပိတ်မိနေသူတွေ ထိခိုက်သေဆုံးတာတွေ ရှိတယ်လို့ ကူညီကယ်ဆယ်ပေးနေသူတွေက ပြောပါတယ်။
ကူညီကယ်ဆယ်ပေးနေသူတဦးက “လေကြောင်းပစ်ခတ်မှုက မြို့လယ်ကိုပစ်တော့ မြို့ထဲက လူတွေက မနေရဲတော့ဘူး။ ထိခိုက်သေဆုံးမှုက တရက်ကို ၄၊ ၅ ယောက်က ပုံမှန်ပဲ။ ပိတ်မိသူတွေကို အခု မြို့ထဲကို ဝင်မကြိုပေးရဲတော့ဘူး။ သူတို့ထွက်လာဖို့ပဲ လိုတယ်။ အပြင်ထွက်လာရင် သွားချင်တဲ့နေရာတွေကို ရွှေ့ပြောင်းပေးတယ်” လို့ ပြောပါတယ်။
ကော့ကရိတ်မြို့ခံ ပြည်သူတွေကို ကျုံဒိုး၊ ဘားအံနဲ့ မြဝတီမြို့က ကူညီကယ်ဆယ်ရေးအဖွဲ့တွေက လှိုင်ဝကျေးရွာ၊ တံတားကျိုးကနေ နေ့တိုင်းလိုလို အသင့်စောင့်ဆိုင်းပြီး ကြိုဆိုရွှေ့ပြောင်းပေးနေပြီး သက်ကြီးရွယ်အိုတွေ၊ နေထိုင်မကောင်းသူတွေနဲ့ ပိတ်မိနေသူတွေ အများအပြား ကျန်ရှိနေပေမဲ့ အရေအတွက် အတိအကျကို မသိရဘူးလို့ မြို့ခံတွေက ပြောပါတယ်။
နှစ်ဖက်တိုက်ပွဲတွေနဲ့ စစ်ကောင်စီရဲ့ လက်နက်ကြီးအပြင် လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အရပ်သားပြည်သူ ထိမှန်သေဆုံးတဲ့ အရေအတွက် အတိအကျကို မသိရသေးသလို ဒီဗွီဘီအနေနဲ့ သိရှိနိုင်ဖို့ ဆက်လက်စုံစမ်းနေပါတယ်။
ဒီဇင်ဘာ ၁ ရက် မနက် မနက် ၅ နာရီလောက်ကစတင်ပြီး ဝင်းကြီးအနောက်၊ သပြေကုန်း၊ မြို့တော်ဦး၊ အမှတ် ၁ ချောင်းတောင်(မြေစာရင်းရုံး) မြို့အဝင်ကြာပန်းအဝိုင်းနဲ့ ခနိမ့်မူ၊ ကော့နွဲကျေးရွာမှာ တိုက်ပွဲဖြစ်ပွားနေပြီး တိုက်ပွဲအတွင်း နှစ်ဖက်ထိခိုက်ကျဆုံးမှုတွေရှိနေတယ်လို့ တော်လှန်ရေးအင်အားစုတွေဆီက သိရပါတယ်။