ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ကာမိုင်းမြို့အနီး နမ့်ယားကျေးရွာမှာ ဒီဇင်ဘာ ၃ ရက် နေ့လယ်ပိုင်းက ဆပ်ကြေးလိုက်လံကောက်ခံနေတဲ့ စစ်ကောင်စီ လက်အောက်ခံ ပြည်သူ့စစ် တပ်ဖွဲ့ဝင်နှစ်ယောက် သေနတ်နဲ့ ပစ်ခတ်ခံခဲ့ရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
အမည်မသိသေနတ်သမားနှစ်ယောက်က နမ့်ယားကျေးရွာအဝင် ထမင်းဆိုင်တစ်ဆိုင်မှာ ဆပ်ကြေး လိုက်လံကောက်ခံနေတဲ့ ပြည်သူ့စစ် တပ်ဖွဲ့ဝင်နှစ်ဦးကို လာရောက် ပစ်ခတ်သွားတာဖြစ်ကြောင်း ဒေသခံတွေဆီက သိရပါတယ်။
ဒေသခံ အမျိုးသားတစ်ဦးက "သေနတ်နဲ့ ပစ်ခံရတဲ့ နှစ်ယောက်က ပြည်သူ့စစ်အဖွဲ့က ဟုတ်တယ်။ နမ့်ယားဂိတ်မှာ ကားသမားတွေဆီက ဆပ်ကြေးလိုက်ကောက်ပြီး ထမင်းဆိုင်မှာ ထိုင်နေတုန်း ဆိုင်ကယ်သမား နှစ်ယောက် လာပစ်သွားတာ။ တစ်ယောက်က ပွဲချင်းပြီး။ တစ်ယောက်ကတော့ ဒဏ်ရာပြင်းထန်ရသွားတယ်။ ဘယ်အဖွဲ့က ပစ်သွားတာလဲတော့ ကျနော်လည်းမသိဘူး"လို့ ပြောပါတယ်။
ပစ်ခတ်မှုဖြစ်ပြီးနောက် စစ်ကောင်စီတပ်က အခင်းဖြစ်ရာ အနီးနား ပတ်ဝန်းကျင်ကို သေနတ်နဲ့ ပစ်ခတ်နေပြီး မော်တော်ယာဉ်တွေကိုလည်း စစ်ဆေးနေပါတယ်။
ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီ ၆ ရက်ကလည်း ကာမိုင်းလဝါးလမ်းဆုံ ဂိတ်ဟောင်းမှာ ဆပ်ကြေး လိုက်ကောက်ခံနေတဲ့ ပြည်သူ့စစ်တပ်ဖွဲ့ဝင်ဟောင်း ဦးမဲလုံးကို အမည်မသိ သေနတ်သမားက သေနတ်နဲ့ ပစ်သတ်သွားခဲ့ပါသေးတယ်။
ကချင်ပြည်နယ် မိုးကောင်းမြို့နယ်မှာတော့ မရန်ကထောင်ကျေးရွာကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးမယ်လို့ ခြိမ်းခြောက်ပြောဆိုနေတဲ့အတွက် ဒေသခံပြည်သူတွေ ဘေးလွတ်ရာ တိမ်းရှောင်နေရပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာလအတွင်း မရန်ကထောင်ကျေးရွာမှာ စစ်ကောင်စီတပ်နဲ့ KIA/PDF ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားအပြီး ထပ်မံတိုက်ခိုက်ခံရပါက ကျေးရွာကို မီးရှို့ဖျက်ဆီးမယ်လို့ စစ်ကောင်စီတပ်က ပြောဆိုထားကြောင်း ဒေသခံတွေဆီက သိရပါတယ်။
ဒေသခံ အမျိုးသားတစ်ဦးက "ကျေးရွာကသူတွေ အတော်များများကတော့ ဘေးလွတ်ရာ ရှောင်နေကြပြီ။ မြို့ပေါ် နမ္မတီး မိုးကောင်းဘက်ကို ရှောင်နေကြရတယ်။ ရွာမှာကတော့ ကျေးရွာ လူကြီးပိုင်းတွေနဲ့ အိမ်ထောင်စု အနည်းငယ်တော့ ကျန်နေခဲ့သေးတယ်။ သူတို့တွေကိုလည်း စစ်တပ်က KIA ဝင်လာရင် အမြန်ဆုံးလာရောက်သတင်းပေးဖို့ သူတို့ (စစ်တပ်)ကိုလည်း ကာကွယ်စောင့်ရှောက်ဖို့နဲ့ KIA ဝင်လာတာ သူတို့ကို လာမပြောပဲ နောက်တစ်ခါ တိုက်ပွဲထပ်ဖြစ်ရင် သေနတ်နဲ့ ပစ်သတ်မယ် ကျေးရွာကို မီးရှို့ ပစ်မယ် လို့စစ်တပ်ကသူတွေက ခြိမ်းခြောက်ထားတယ် "လို့ ပြောပါတယ်။
လွယ်လီယာန်ကျေးရွာ အုပ်စု မရန်ကထေါင်ကျေးရွာဟာ အိမ်ထောင်စု ၁၀၀ နီးပါးရှိပြီး အိမ်ထောင်စု ၅၀ ကျော်လောက်ဟာ စစ်ကောင်စီတပ်က ကျေးရွာကို မီးရှို့ဖျက်ဆီးမှာ စိုးရိမ်တဲ့အတွက် နေရပ်စွန့်ခွာ ဘေးလွတ်ရာ ထွက်ပြေး တိမ်းရှောင်နေကြ ရပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၅ ရက်ကလည်း မရန်ကထောင်ကျေးရွာမှာ စစ်ကောင်စီတပ်နဲ့ KIA/PDFပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့တာကြောင့် KBC ဘုရားကျောင်းဝန်းအတွင်းမှာ ချီးမွမ်းပွဲပြုလုပ်ဖို့ ပြင်ဆင်နေတဲ့ ကျေးရွာလူကြီး ၅ ဦးကို PDFနဲ့ ဆက်စပ်တယ်ဆိုတဲ့ စွတ်စွဲချက်နဲ့ စစ်ကောင်စီတပ်က ဖမ်းဆီးသွားခဲ့ပါသေးတယ်။