ပဲခူးတိုင်း၊ တောင်ငူမြို့မှာ ဒီဇင်ဘာ ၄ ရက် ညနေပိုင်းကစလို့ ဓာတ်ဆီဆိုင်တွေမှာ စက်သုံးဆီ ပြတ်နေပြီး ဓာတ်ဆီတစ်လီတာကို ကျပ် ၃၀၀၀ ကနေ ၅၀၀၀ အထိ ရှိလာတယ်လို့ ဒေသခံတွေဆီ ကသိရပါတယ်။
ဒါ့အပြင် ဆိုင်ကယ်ထဲ ထည့်တာအပြင် ဂါလန်ပုံး၊ ရေသန့်ဘူးတို့နဲ့ ဝယ်ချင်ရင် ရပ်ကွက် ထောက်ခံစာပြရမယ်လို့ ဓာတ်ဆီဆိုင်တွေရဲ့ ရှေ့မှာ ကပ်ထားတယ်လို့လည်း သိရပါတယ်။
ဒေသခံတစ်ဦးက"ဓာတ်ဆီ စပြတ်တာတော့မနေ့ကတည်းက၊ ဒီနေ့ကျတော့ တချို့ဆိုင်တွေ ပိတ်ကုန်ပြီ။ ဖြိုးဝေကျော်ဆီဆိုင်မှာဆို ငါးထောင်ဖိုးပဲ ရောင်းတယ်လို့ကြားတယ်။ မနက်က ရွာကနေ ဆီဆင်းဝယ်တာ ဆိုင်တွေက မရတော့ဘူးလို့ဘဲပြောကြတယ်"လို့ပြောပါတယ်။
ဓာတ်ဆီကို ဂါလန်ပုံး၊ ရေသန့်ဘူးတွေနဲ့ ဝယ်တဲ့အခါထောက်ခံစာလိုပြီး ဒီထောက်ခံစာကို စစ်ကောင်စီဘက်က တောင်းခိုင်းတာလို့ ဒေသခံတွေဆီက သိရပါတယ်။
“သူတို့ကတော့ ပြန်ရောင်းဖို့လား၊ သုံးဖို့လားသိချင်လို့ တောင်းတယ်လို့ ကြားတယ်။ ပြန်ရောင်းမယ်ဆိုလည်း တစ်ဆိုင်ကို ဘယ်လောက်ဖိုးပဲရောင်းရမယ် ဆိုပြီးကန့် သတ်ထားတယ်လို့ကြားတယ်။ ဓာတ်ဆီက ဘာလို့ပြတ်တာလဲတော့ ကျနော်လည်း အတိအကျ မသိသေးဘူး"လို့ ဒေသခံက ပါတယ်။
တောင်ငူမြို့မှာ ဓာတ်ဆီဆိုင်ပေါင်း ၂၀ ကျော်ရှိပြီး ဆီဆိုင်အကြီးတွေဖြစ်တဲ့ Denko၊ နီလာရိုးမ စတဲ့ဆိုင်တွေပါ ပိတ်ထားရပြီး ရွှေဝါဆီဆိုင်တစ်ဆိုင်ထဲမှာသာ လက်ရှိ ဓာတ်ဆီဝယ်လို့ ရနေတာဖြစ်ပါတယ်။
ဒါ့အပြင် ပဲခူးမြို့၊ ကလေးမြို့နဲ့ ရခိုင်ပြည်နယ်မှာလည်း စက်သုံးဆီပြတ်နေပြီး ဝယ်ယူရ ခက်ခဲနေတာ ဖြစ်ပါတယ်။