Home
မြန်မာသတင်း
ရှမ်းမြောက်နှင့် ရခိုင်တွင် ၁ လအတွင်း အရပ်သားသေဆုံးမှု ၁၄၀ ကျော်ရှိလာ
DVB
·
December 4, 2023
SAC-NorthShan-rape-09082023

၁၀၂၇ စစ်ဆင်ရေး စတင်ပြီးနောက် ၁ လကျော်ကာလအတွင်း ရှမ်းပြည်နယ် မြောက်ပိုင်းနဲ့ ရခိုင်ပြည်နယ်မှာ အရပ်သား ၁၄၀ ကျော် သေဆုံးခဲ့ရတယ်လို့ ညီနောင်မဟာမိတ် ၃ ဖွဲ့ဖြစ်တဲ့ MNDAA၊ TNLA နဲ့ AA တို့က ထုတ်ပြန်ပါတယ်။

ဒီစာရင်းဟာ အောက်တိုဘာ ၂၇ ကနေ နိုဝင်ဘာ ၃၀ ရက်အထိပဲဖြစ်ပြီး နောက်ထပ် အရပ်သား ၂၁၆ ယောက်လည်း ထိခိုက်ဒဏ်ရာတွေ ရခဲ့တယ်လို့ ဆိုပါတယ်။

MNDAA ကိုးကန့်အဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ လီကျားဝင်းက “တော်တော်များများတော့ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးကျည်ဆန်ကြောင့်မို့လို့ အသက်တွေ ဆုံးရှုံးခဲ့ရတာပေါ့နော်။ တချို့ကလည်း စစ်ကောင်စီ အကြွင်းအကျန်ပေါ့။ ထွက်ပြေးနေတဲ့ စစ်ကောင်စီက ရွာလေးတွေကိုဝင်ပြီး အရပ်သားတွေကို ဒုက္ခပေး၊ ဖမ်းဆီး သတ်ဖြတ်တာကြောင့်မို့လို့ အသက်ပေးလိုက်ရတဲ့သူတွေလည်း ရှိတာပေါ့” လို့ ပြောပါတယ်။

လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ကိုးကန့်၊ အထူးဒေသ ၁ မှာ အရပ်သား ၅၀ ကျော် သေဆုံးခဲ့ပြီး ၁၆ ဦးထက်မနည်း ဒဏ်ရာရခဲ့ကာ တအာင်းဒေသမှာတော့ အရပ်သား ၆၀ ကျော် သေဆုံးကာ ၁၀၀ ကျော် ဒဏ်ရာရခဲ့ပါတယ်။

ရခိုင်ဒေသမှာလည်း နိုဝင်ဘာ ၁၃ ရက်ကနေ ၃၀ ရက်နေ့ထိဆိုရင် အရပ်သား ၃၀ ကျော် သေဆုံးကာ ၁၀၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း အေအေက ထုတ်ပြန်ထားတာပါ။

ဒါ့အပြင် အရပ်သား ၈၁ ယောက်ကို အေအေနဲ့ပတ်သက်တယ်လို့ စွပ်စွဲဖမ်းဆီးပြီး အဲဒီထဲက ၂၂  ယောက်သာ ပြန်လည်လွတ်မြောက်ပါတယ်။

စစ်ကောင်စီဘက်ကတော့ PDF တွေနဲ့ ညီနောင်မဟာမိတ် ၃ ဖွဲ့ဘက်က ဒရုန်းနဲ့ ကြဲချတဲ့ဗုံးတွေ၊ ပစ်ခတ်မှုတွေကြောင့် လူတွေ ထိခိုက်ရတာလို့ ဝါဒဖြန့် Telegram Channel တွေကနေတဆင့် ပြောဆိုလေ့ရှိပါတယ်။

ရှမ်းလူ့အခွင့်အရေးမဏ္ဏိုင် တာဝန်ရှိသူတဦးက “အများစုက လေကြောင်းတိုက်ခိုက်မှုရယ်၊ ပြီးတဲ့အခါကျတော့ တိုက်ပွဲကြားမှာ ဘယ်ကပစ်လိုက်မှန်းမသိတဲ့ လက်နက်ကြီး ထိခိုက်တာရယ်၊ အဲ့လိုမျိုးကြောင့်ပါ။ ဒဏ်ရာရတာကတော့ မ‌ေရတွက်နိုင်တော့ဘူးလို့ ထင်တယ်။ အများစုကတော့ အမျိုးသားတွေ ပိုများတယ်။ ကလေးလည်း ရာခိုင်နှုန်းနည်းနည်းတော့ ပါတယ်။ အမျိုးသားက ပိုများတယ်၊ ထိခိုက်ဒဏ်ရာ သေဆုံးမှုက” လို့ ပြောပါတယ်။

ဒါ့အပြင် လေကြောင်းကနေ ဖျက်အားပြင်း cluster bomb ပဒေသာဗုံးတွေ အသုံးပြုမှုကြောင့် လားရှိုးနဲ့ နမ့်ခမ်းမြို့နယ်ထဲက အရပ်သားထိခိုက်မှု ၂ ခု ရှိခဲ့တယ်လို့လည်း သူကဆိုပါတယ်။

လောက်ကိုင်နဲ့ မူဆယ်မြို့နယ်တို့မှာ အရပ်သား အများဆုံးသေဆုံးခဲ့ရပြီး ၁၄ နှစ်အောက် ကလေးငယ် ၂၀ ထက်မနည်းလည်း သေဆုံးခဲ့ရတယ်လို့ သိရပါတယ်။

၁၀၅ မိုင်ကနေ ကျင်စန်းကျော့ထဲကိုသွားတဲ့လမ်းမှာ အရပ်သားလို့ ယူဆရတဲ့ အမည်မသိ အလောင်း ၂၇ လောင်းကို တွေ့ရကြောင်း ဒေသခံတွေရဲ့ ပြောပြချက်ကို ကိုးကားပြီး ပရဟိတအသင်းတခုရဲ့ တာဝန်ရှိသူက ပြောပေမဲ့ သီးခြားအတည်ပြုနိုင်ခြင်းတော့ မရှိပါဘူး။

အောက်တိုဘာ ၂၆ ရက် ပဋိပက္ခတွေ ပြင်းထန်လာပြီးကတည်းက တိုက်ပွဲနဲ့ ဆက်စပ်ဖြစ်ရပ်တွေကြောင့် အမျိုးသမီးနဲ့ ကလေးငယ်တွေ အပါအဝင် အရပ်သား ၂၈၃ ယောက် သေဆုံးခဲ့ရပြီး ၃၃၄ ယောက် ဒဏ်ရာရရှိခဲ့ကြောင်း UNOCHA Myanmar ကလည်း ထုတ်ပြန်ထားပါတယ်။

မြောက်ပိုင်းညီနောင်မဟာမိတ်သုံးဖွဲ့နဲ့အတူ မဟာမိတ်တွေရဲ့ စစ်ဆင်ရေး ၁၀၂၇ စတင်ခဲ့တဲ့ အောက်တိုဘာ ၂၇ ရက်ကစလို့ တနိုင်ငံလုံးမှာ တိုက်ပွဲတွေ ပိုပြီး ပြင်းထန်လာတာပါ။

တော်လှန်ရေးအင်အားစုတွေက စစ်ကောင်စီတပ်စခန်းပေါင်း ရာနဲ့ချီပြီး သိမ်းပိုက်ထားနိုင်သလို သိမ်းပိုက်ရရှိထားတဲ့ မြို့ပေါင်းကလည်း ဒါဇင်နဲ့ချီပြီး ရှိနေပါပြီ။

တိုက်ပွဲအတွင်း အလံဖြူထောင် လက်နက်ချတဲ့ စစ်ကောင်စီတပ်သားတွေ၊ တပ်ရင်းလိုက် လက်နက်ချတာတွေလည်း ဆက်တိုက်ရှိလာပါတယ်။ ဒီအခြေအနေက စစ်ကောင်စီအတွက် အရှိုက်ထိစရာ အခြေအနေတွေပါ။ မြေပြင်မှာ အခြေအနေမလှတော့တဲ့ စစ်ကောင်စီအတွက်တော့ လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီးပစ်ခတ်မှုတွေကိုပါ ပိုပြီး အားကိုးလာတာကို တွေ့ရပါတယ်။

ဒီဗွီဘီက လက်လှမ်းမီသလောက် ကောက်ယူထားတဲ့ စာရင်းတွေအရတော့ အောက်တိုဘာ ၂၇ နောက်ပိုင်း စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုက အကြိမ်ပေါင်း ၃၀၀ ထက်မနည်း ရှိနေပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရက ကောက်ယူထားတဲ့ စာရင်းတွေအရတော့ အောက်တိုဘာ ၂၇ ရက်ကနေ တလတာကာလအတွင်း လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် အရပ်သား သေဆုံးမှုက ၁၁၀ ဝန်းကျင်အထိ ရှိနေပြီလို့ ဆိုပါတယ်။

သေဆုံးသူတွေထဲမှာ ကလေးသူငယ် ၂၁ ဦးနဲ့ အမျိုးသမီး ၂၃ ဦး ပါဝင်ပါတယ်။ မြေပြင်အခြေအနေမလှတဲ့ စစ်ကောင်စီအတွက်တော့ လေကြောင်းကိုပဲ ပိုပြီး အသုံးပြုလာနေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ သမ္မတရုံးပြောခွင့်ရက ပြောပါတယ်။

ဒါ့အပြင် အရပ်သားပစ်မှတ်ထား လေကြောင်းတိုက်ခိုက်မှုတွေကြောင့် လူနေအဆောက်အအုံပေါင်း ၂၀၀ ဝန်းကျင်၊ ဆေးရုံဆေးခန်း ၄ ခု၊ စာသင်ကျောင်း ၉ ကျောင်း၊ ဘာသာရေးအဆောက်အအုံ ၄၀ လည်း ပျက်စီးဆုံးရှုံးထားတယ်လို့ NUG အစိုးရက ကောက်ယူထားတဲ့ အချက်အလက်တွေအရ သိရပါတယ်။

စစ်ကောင်စီအနေနဲ့ကတော့ ပြည်သူတွေကို ဘယ်သူသေသေဆိုတဲ့ ပုံစံနဲ့ တိုက်ခိုက်နေတာလို့ စစ်ကိုင်းတိုင်း ထီးချိုင့်ဒေသခံတဦးကလည်း ပြောပါတယ်။

ကရင်နီပြည်နယ် တခုတည်းမှာတင် ၁၁,၁၁ စစ်ဆင်ရေးနောက်ပိုင်း လေကြောင်းတိုက်ခိုက်မှုက ၂၀၀ ကျော်ရှိပြီး အဲဒီထဲမှာ ကျန်းမာရေးစောင့်ရှောက်မှုပေးတဲ့ နေရာ အပါအဝင် အရပ်သားတွေကို အဓိက ပစ်မှတ်ထား တိုက်ခိုက်တဲ့ တိုက်ခိုက်မှုကတော့ ၁၂ ကြိမ်ထက်မနည်း ရှိနေတယ်လို့ ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီဘက်က ပြောပါတယ်။

ဒါ့အပြင် စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုပုံစံကလည်း အရင်ကနဲ့မတူဘဲ ပြောင်းလဲလာတာကြောင့် လူထုအတွက် စိန်ခေါ်မှုက ပိုပြီးကြီးလာတယ်လို့လည်း ဆိုပါတယ်။

အထူးသဖြင့် စစ်ဆင်ရေးတွေ မစတင်ခင်အချိန်က လေကြောင်းတိုက်ခိုက်မှုတွေ မလုပ်ခင် ကင်းထောက်လေယာဉ်က အရင်ပျံဝဲတာကြောင့် ပြည်သူတွေ ပြင်ဆင်ချိန်ရှိပေမဲ့ အခုချိန်မှာတော့ လေကြောင်းကနေ ပစ်လိုက်တဲ့ လက်နက်ကြီးတွေ ပေါက်ကွဲပြီးမှပဲ လေယာဉ်သံကြားတဲ့ အခြေအနေ ဖြစ်နေတာပါ။

လက်ရှိမှာတော့ ပြည်သူတွေရဲ့ ရုပ်ပိုင်းဆိုင်ရာအပြင် စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေကိုလည်း ပိုပြီးခံစားနေရတယ်လို့ ဆိုပါတယ်။

မြေပြင်မှာ လေကြောင်းရန် ကြောက်နေရတဲ့ အခြေအနေတွေနဲ့ပတ်သက်လို့ လွိုင်ကော်ကနေ စစ်ဘေးရှောင်လာရတဲ့ အမျိုးသမီးတဦးက ပြောပါတယ်။

စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကလည်း အရပ်ဘက်ပစ်မှတ်တွေကို တိုက်ခိုက်သွားမယ့်အကြောင်း နိုဝင်ဘာ ၃၀ ရက်က ထုတ်ပြောထားတာ ရှိပါတယ်။ အထူးသဖြင့် သူတို့ကို မတိုက်ခိုက်သရွေ့ အရပ်သားအဆောက်အအုံလို့ လက်ခံမှာဖြစ်ပေမဲ့ သူတို့ကို တိုက်ခိုက်လာရင်တော့ အားလုံးက စစ်ဘက်ဆိုင်ရာ အဆောက်အအုံအဖြစ် သတ်မှတ်တိုက်ခိုက်သွားမယ်လို့ ပြောဆိုထားတာပါ။

တော်လှန်ရေးအင်အားစုတွေဘက်မှာတော့ လေကြောင်းရန်ကို တန်ပြန်နိုင်တဲ့ လက်နက်တွေ လုံလုံလောက်လောက် ရှိမနေသေးတာကြောင့် ပြည်သူတွေကို လေကြောင်းရန် အသိပညာပေးတာတွေကို ပိုပြီးလုပ်ဖို့နဲ့ ဗုံးခိုကျင်းတွေကို ကြိုတင်တူးထားကြဖို့ တိုက်တွန်းထားပါတယ်။

တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေက သာလွန်အင်အားသုံးပြီး စစ်တပ်ကို တိုက်ခိုက်နေတယ်လို့ အာဏာသိမ်းစစ်ခေါင်းဆောင်ရဲ့ ပြောဆိုမှုအပေါ် ရယ်စရာဟာသဖြစ်လို့ အံ့ဩမိတယ်လို့ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေဘက်က တုံ့ပြန်ပါတယ်။

လက်နက်အင်အား၊ စစ်အင်အား အလွန်အကျွံသုံးပြီး အာဏာသိမ်းမှုကို ဆန့်ကျင်တော်လှန်နေတဲ့သူတွေကို သတ်ဖြတ်နေတဲ့ အာဏာသိမ်းစစ်ခေါင်းဆောင်က သူတို့ရဲ့တပ်တွေ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ စစ်ရေးအရ ရှုံးနိမ့်ပြီး တပ်စခန်းပေါင်းများစွာ သိမ်းပိုက်ခံနေရတာဟာ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေက သာလွန်အင်အားသုံးပြီး တိုက်ခိုက်နေတာကြောင့်ဖြစ်တယ်လို့ နိုဝင်ဘာ ၂၉ ရက်က ကျင်းပခဲ့တဲ့ အစည်းအဝေးမှာ စစ်ခေါင်းဆောင်က ပြောဆိုခဲ့မှုအပေါ် အခုလို တုံ့ပြန်ကြတာပါ။

အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က တိုင်းရင်းသား တော်လှန်ရေးအဖွဲ့တွေဟာ နိုင်ငံခြားသား အကူအညီယူပြီး  နည်းပညာသာလွန်မှုနဲ့ စစ်သုံးအဆင့် ဒရုန်းတွေနဲ့ Drop Bomb တွေသုံးကာ Drop Bomb အလုံးပေါင်း ၂၅,၀၀၀ ကျော်အပြင် ၁၀၇ မီလီမီတာ လျှော့တိုက်ဒုံး အလုံး ၁၂၀ ခန့်နဲ့ တိုက်ခိုက်ခဲ့တယ်လို့ ပြောဆိုမှုက ပြည်ပကျူးကျော်စစ်ပုံစံ ဖန်တီးပြီး လူထုထောက်ခံမှုရအောင် ပြောဆိုခြင်းဖြစ်တယ်လို့ MNDAA ပြောခွင့်ရ လီကျားဝင်းက ဆိုပါတယ်။

စစ်ခေါင်းဆောင်က တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေဟာ ငြိမ်းချမ်းရေးကို အကြောင်းပြုပြီး အဲဒီနောက်ကွယ်မှာ စစ်အင်အား စုစည်းတည်ဆောက်နေတာ၊ လက်နက်ခဲယမ်းမီးကျောက်တွေကို အပြိုင်အဆိုင် တည်ဆောက်နေတာ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကို စစ်သင်တန်းပေးပြီး လက်နက်ခဲယမ်းတွေကို ရောင်းချပေးတာတွေက ငြိမ်းချမ်းရေးအပေါ် အမြတ်ထုတ်နေတာလို့လည်း စွပ်စွဲပါတယ်။

အခုလို အာဏာသိမ်းစစ်ခေါင်းဆောင်ရဲ့ ပြောဆိုစွပ်စွဲမှုတွေက မြေပြင်မှာရှိနေတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေကို စစ်အင်အား တိုးချဲ့ဖြည့်ဆည်းမပေးနိုင်တော့တာကို ကာကွယ်ပြောဆိုနေတာဖြစ်ပြီး မြန်မာနိုင်ငံ ပြည်တွင်းစစ်သမိုင်းတလျှောက် တိုင်းရင်းသားဒေသတွေမှာ စစ်အင်အား၊ လက်နက်အင်အား အလွန်အကျွံသုံးပြီး စစ်ရာဇဝတ်မှုတွေကို ကျူးလွန်ခဲ့တာဟာ အာဏာသိမ်းစစ်တပ်ပဲ ဖြစ်တယ်လို့လည်း တိုင်းရင်းသား တော်လှန်ရေးအဖွဲ့တွေက တုံ့ပြန်ကြပါတယ်။

လက်ရှိအချိန်မှာ အာဏာသိမ်းစစ်ကောင်စီဟာ တိုင်းရင်းသား တော်လှန်ရေးတပ်ဖွဲ့တွေ အပြင် အာဏာသိမ်းမှုကို ဆန့်ကျင်နေကြတဲ့ ပြည်သူတွေကိုပါ လေကြောင်းတိုက်ခိုက်မှုတွေ၊ လက်နက်ကြီး ပစ်ခတ်မှုတွေကို နေ့စဉ်နေ့တိုင်း ပြုလုပ်နေပြီး လူနေအိမ်တွေ၊ ဘာသာရေးဆိုင်ရာ အဆောက်အဦတွေကို မီးရှို့ဖျက်ဆီးတာ၊ အကြမ်းဖက်သမားလို့ ပြည်သူတွေကို စွပ်စွဲပြီး မီးရှို့သတ်ဖြတ်တာတွေလည်း ရှိနေပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ထုတ်ပြန်ချက်အရဆိုရင် စစ်တပ်အာဏာစသိမ်းခဲ့တဲ့နေ့ကနေ ဒီကနေ့အထိ အပြစ်မဲ့တဲ့ အရပ်သားပြည်သူ ၄,၂၀၀ ကျော်ကို စစ်တပ်က သတ်ဖြတ်ခဲ့တယ်လို့ ဆိုပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024