ရန်ကုန်၊ တောင်ဥက္ကလာပမြို့နယ်၊ ၉ ရပ်ကွက်၊ သူရ ၅ လမ်းမှာ ဒီဇင်ဘာ ၃ ရက် ညနေပိုင်းက အသက် ၂၀ အရွယ် အမျိုးသမီးတဦး ပိုက်ဆံအိတ်လုယက်ခံခဲ့ရတဲ့အပြင် ထိခိုက်ဒဏ်ရာ ပြင်းထန်ခဲ့တာကြောင့် အရေးပေါ်ဆေးကုသမှု ခံယူခဲ့ရတယ်လို့ မြို့ခံပရဟိတအသင်းတွေက ပြောပါတယ်။
လုယက်ခံရသူဟာ အဲဒီညနေ ၄ နာရီလောက်က နေအိမ်ကနေ သွားဆေးခန်းကို စက်ဘီးနဲ့ ထွက်ခွာလာခဲ့တာဖြစ်ပြီး ဘေးတွဲမောင်းသူ ၂ ဦးက အနောက်ကနေ ပိုက်ဆံအိတ်ကို ဆွဲလုခဲ့တာ ဖြစ်ပါတယ်။
အရပ်ဘက်ကယ်ဆယ်ရေးအသင်းဝင်တဦးက “ကောင်မလေးတဦး စက်ဘီးနဲ့ လမ်းဘေး လဲနေတယ်။ သွေးထွက်ဒဏ်ရာရှိတယ်လို့ လာပြောကြတာပါ။ ရောက်တော့ ဘာမှမေးလို့မရဘူး။ တွေ့တဲ့အချိန်နဲ့ဆို လမ်းဘေးလဲနေတာ ၁၅ မိနစ်လောက် ရှိသွားပြီ။ ဒီနားကကားနဲ့ပဲ အရေးပေါ်ပို့ပေးထားပါတယ်။ မိသားစုတွေနဲ့ အဆက်အသွယ်ရပြီ” လို့ ဆိုပါတယ်။
တွန်းထုတ်လုယက်ခံရတဲ့အရှိန်ကြောင့် လုယက်ခံရသူဟာ လမ်းဘေးကို ပြုတ်ကျခဲ့ပြီး ဦးခေါင်းထိခိုက် ဖူးရောင်ဒဏ်ရာ၊ လက်၊ နှုတ်ခမ်းနဲ့ မျက်နှာပွန်းပဲ့ဒဏ်ရာတွေ ရရှိခဲ့တဲ့အပြင် ဘယ်ညှပ်ရိုး ကျိုးသွားတာကြောင့် အနီးအနားနေသူတွေက ဆေးရုံပို့ဆောင်ပေးခဲ့ရပါတယ်။
မိသားစုဝင်တဦးက “သူက ၄ နာရီလောက် သွားဆေးခန်းသွားတာ။ သွားနေကျလမ်းပါပဲ။ အနောက်ကနေ ဘေးတွဲဆိုင်ကယ်နဲ့ လူ ၂ ယောက်က သူ့စလင်းဘတ်အိတ်ကို ဆောင့်ဆွဲပြီး လုတာ။ အဲဒီမှာပြုတ်ကျပြီး သတိလစ်သွားတာ။ ကိုင်ထားတဲ့ Redmi ဖုန်းတော့ မပါသွားဘူး။ အောက်ကျပြီး ကွဲသွားတယ်” လို့ ပြောပါတယ်။
လုယက်ခံရတဲ့ ပိုက်ဆံအိတ်ထဲမှာ ကျပ်ငွေ ၅ သောင်းကျော်နဲ့ မှတ်ပုံတင်၊ ယာဉ်မောင်းလိုင်စင် ပါသွားခဲ့ကာ Redmi ဖုန်းတလုံး ကျကွဲသွားတယ်လို့ သိရပြီး လုယက်သွားသူတွေကို ဖမ်းဆီးရမိခြင်း မရှိသေးဘူးလို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂ ရက်ကလည်း ရန်ကုန်၊ မြောက်ဥက္ကလာပ၊ သုဓမ္မာလမ်းမမှာ ဘတ်စ်ကားစောင့်နေသူ အမျိုးသမီးတဦးဆီကနေ ဆိုင်ကယ်စီး အမျိုးသား ၂ ဦးက ဓားထောက်လုယက်မှု ဖြစ်ပွားခဲ့ပါတယ်။