ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ် ရဲရိုးပြင်နဲ့ ခမောင်းတောကျေးရွာတွေကို ဒီဇင်ဘာ ၃ ရက် မွန်းလွဲပိုင်းနဲ့ ညနေပိုင်းတွေမှာ စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့လို့ အိမ်ခြေ ၁၄၆ လုံးလောက် မီးလောင်ကျွမ်းခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ပုဏ္ဏားကျွန်းမြို့နယ် ရဲရိုးပြင်ကျေးရွာကို မနေ့ မွန်းလွဲ ၂ နာရီခွဲလောက်မှာ ခလရ ၂၇၀ က စစ်ကောင်စီတပ်သား အင်အား ၇၀ ဇက်ရေယာဥ်နဲ့ ရောက်ရှိလာပြီး လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်ဝင်ရောက်ကာ နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့လို့ အိမ်ခြေ ၁၃၀ လောက် မီးလောက်ကျွမ်းခဲ့တယ်လို့ ရဲရိုးပြင်ကျေးရွာ ဒေသခံတယောက်က ပြောပါတယ်။
ဒါ့အပြင် အဲဒီစစ်ကြောင်းဟာ ရဲရိုးပြင်ရွာနားက ခမောင်းတောကျေးရွာကိုလည်း ညနေ ၄ နာရီလောက်မှာ ဝင်ရောက်မီးရှို့ခဲ့လို့ နေအိမ် ၁၆ လုံး မီးလောင်ဆုံးရှုံးခဲ့ရတယ်လို့ ဆိုပါတယ်။
ဒေသခံတဦးက “ကျနော်တို့ရွာဘက်မှာ ဘာတိုက်ပွဲမှ ဖြစ်ပွားတာမရှိဘူး။ တမင် ရည်ရွယ်ချက်ရှိရှိနဲ့ မီးရှို့ဖျက်ဆီးခဲ့ကြတာ။ ရွာပြန်ရင်တောင်မှ နေစရာအိမ် မရှိတော့ပါဘူး” လို့ ပြောပါတယ်။
စစ်ကောင်စီဘက်က စစ်ကြောင်းထိုးလာတာကြောင့် ရဲရိုးပြင်နဲ့ ခမောင်းတောကျေးရွာက ဒေသခံပြည်သူ ၁၅,၀၀၀ လောက် ဘေးလွတ်ရာနေရာကို ထွက်ပြေးတိမ်းရှောင်နေရပြီး စားဝတ်နေရေး အခက်ခဲတွေ ဖြစ်နေတယ်လို့ ဆိုပါတယ်။
စစ်ကောင်စီတပ်တွေဟာ ရခိုင်ပြည်နယ်မှာ နိုဝင်ဘာ ၁၃ ရက်က တကျော့ပြန်တိုက်ပွဲတွ ပြန်လည်ဖြစ်ပွားပြီးနောက် ကုန်းလမ်း၊ ရေလမ်းတွေ ခရီးသွားလာခွင့် ဖြတ်တောက်ထားတဲ့ အပြင် ပြည်သူလူထုကို လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ နေ့စဥ်ရက်ဆက် ပစ်ခတ်ခဲ့လို့ အပြစ်မဲ့ပြည်သူတွေ အများအပြား သေဆုံးဒဏ်ရာရရှိခဲ့ကြတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။