Home
မြန်မာသတင်း
ပင်လောင်းနှင့်အနီးတဝိုက် ဖုန်းလိုင်းဖြတ်၊ ရေးမြို့နယ်၌ အင်တာနက်လိုင်း ဖြတ်
DVB
·
December 4, 2023
Pin Long_04122023

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်နဲ့ ရှမ်း-ကယားနယ်စပ်က ကျေးရွာ အတော်များများမှာ စစ်ကောင်စီက ဖုန်းလိုင်းနဲ့ အင်တာနက်လိုင်းတွေ ဖြတ်တောက်ထားတဲ့ အတွက် ဆက်သွယ်ရေးအခက်အခဲတွေ ကြုံတွေ့နေရတယ်လို့ ဒေသခံတွေ ပြောပြချက်အရ သိရပါတယ်။

ပင်လောင်းမြို့နယ်ထဲက လုံးပြင်၊ တောင်မဲသင်း၊ ဆောင်းပြောင်း၊ နမ့်ဖာမူကျေးရွာတကြောနဲ့ ဖယ်ခုံ၊ မိုးဗြဲမြို့နယ်က ကျေးရွာတချို့မှာ အမ်ပီတီ၊ အက်တမ်၊ အူရီဒူး ဖုန်းလိုင်းတွေ ပြတ်တောက်နေပြီး စစ်ကောင်စီပိုင်တဲ့ မိုင်တဲဖုန်းလိုင်းတခုပဲ အသုံးပြုလို့ရတယ်လို့ သိရပါတယ်။

ဆောင်းပြောင်းဒေသခံ အမျိုးသမီးတဦးက “ဖုန်းလိုင်းပြတ်တာ တပတ်ကျော်ပြီ။ စစချင်းရက်တွေဆို ဖုန်းလိုင်းတခုမှ သုံးလို့မရဘူး။ ၃ ရက်လောက်ကြာမှ မိုင်တဲကတ် သုံးလို့ရတာ။ အခက်ခဲဆုံးက အလုပ်တွေ လုပ်လို့မရဘူး၊ ဆက်သွယ်လို့လည်း မရဘူး။ အလုပ်တွေရော၊ ကျောင်းတွေရော အကုန် နှောင့်နှေးကုန်တာပေါ့” လို့ ပြောပါတယ်။

ကျေးရွာတရွာကနေတရွာ သွားတဲ့အခါမှာလည်း ရွာသူကြီး၊ အုပ်ချုပ်ရေးမှူးဆီမှာ ခွင့်ပြုချက် တောင်းပြီး ထောက်ခံစာတွေနဲ့ သွားလာရတယ်လို့ သိရပါတယ်။

ပင်လောင်းဒေသခံ အမျိုးသားတဦးကလည်း “တောထဲသွားရင်တောင် ထောက်ခံစာ ယူရတယ်။ ခြံသွားပါတယ်၊ ဘယ်မှာရှိပါတယ်၊ ဘာစိုက်တဲ့ခြံပါကအစ ပြောပြရတယ်။ တိုက်ပွဲတွေ ရွာနားမရောက်သေးဘူး၊ လက်နက်ကြီးသံကတော့ နေ့တိုင်းကြားရတယ်” လို့ ပြောပါတယ်။

စီးပွားရေးလုပ်ငန်းတွေနဲ့ ကလေးကျောင်း ပညာရေး၊ ရုံးလုပ်ငန်းတွေအတွက် အချက်အလက် ပြတ်တောက်မှုတွေ ရှိနေပြီး အထူးသဖြင့် ကျေးရွာချင်းနီးစပ်တဲ့ တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့ ဖယ်ခုံနဲ့ မိုးဗြဲက အခြေအနေတွေ မသိရလို့ လုံခြုံရေးစိုးရိမ်မှုတွေလည်း ရှိနေပါတယ်။

အလားတူ မွန်ပြည်နယ်၊ ရေးမြို့နယ်မှာလည်း အင်တာနက်လိုင်းတွေ ဖြတ်တောက် ခံထားရတယ်လို့ဒေသခံတွေက ပြောပါတယ်။

ဒေသခံတယောက်က  “အင်တာနက်လိုင်းကလိုင်းမရတာ ၂ ရက် ၃ ရက်လောက်ရှိပြီး လိုင်းက ရတချက်မရတချက်နဲ့ ဘာမှလည်းကြည့် မရ မသုံးရဘူး၊ မြို့ပေါ်ရပ်ကွက်တောင်မရဘူး နယ်ကျေးရွာဘက်ဆို ညဘက်တွေ ကအစ လိုင်းကသုံးမရဘူး”လို့  ပြောပါတယ်။

အခုလိုအင်တာနက်လိုင်းတွေမရတာကြောင့် ပြည်တွင်းမှာလက်ရှိ ဖြစ်ပေါ်နေတဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးစတဲ့ သတင်းအချက်လက်တွေ ဘာဆိုဘာမှ မသိရတော့ မျက်စိပိတ်နားပိတ်သလို ဖြစ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အလားတူ အိမ်သုံးဝိုင်ဖိုင်လိုင်းလည်း သုံးရတာအဆက်မပြေဖြစ်နေကြသလို အခုလို အင်တာနက်လိုင်းတွေ သုံးလို့မရတာနဲ့ပတ်သက်လို့  သက်ဆိုင်ရာ ဆက်သွယ်ရေးကုမ္ပဏီတွေဘက်က  တာဝန်ယူ ဖြေရှင်းတာမျိုးမတွေ့ရသေးပါဘူးလို့ သုံးစွဲသူက ဆိုပါတယ်။

စစ်ကောင်စီတပ်နဲ့ ဒေသခံကာကွယ်ရေးတပ်တွေအကြား  တိုက်ပွဲအများဆုံး ဖြစ်ပွားနေတဲ့ ဒေသဘက်မှာ ဆက်သွယ်ရေးအင်တာနက်လိုင်းတွေ ဖြတ်တောက်မှု အများဆုံးခံထားရသလို အင်တာနက်ဖြတ်တောက်ထားတဲ့ ဒေသဘက်တွေကို လေကြောင်းက ပိုမိုတိုက်ခိုက်တာလည်း ရှိပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024