ပဲခူးတိုင်း၊ ဝေါမြို့နယ်၊ ခရွဲကျေးရွာ၊ ထင်းတဲရပ်ကွက်ကို စစ်ကောင်စီဘက်က ဒီဇင်ဘာ ၃ ရက် နေ့လယ်ပိုင်းမှာ လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့လို့ ပြည်သူပိုင်အိမ်နဲ့ ဘာသာရေး အဆောက်အအုံ ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီဘက်က ဝေါမြို့နယ် အထက်ကွေ့ကြီးကနေ ၁၂၀ မမ၊ လက်ပံကျေးရွာမှ ၈၁ မမ လက်နက်ကြီးတွေနဲ့ ခရွဲကျေးရွာကို ပစ်ခတ်ခဲ့တယ်လို့ တော်လှန်ရေးအင်အားစုက ပြောပါတယ်။
အဆိုပါပစ်ခတ်တာကြောင့် ပြည်သူပိုင်အိမ် ၂ လုံး၊ ခရွဲကျေးလက်ဆေးပေးခန်း၊ ခရွဲရွာ ဘုရားကုန်း ဘုန်းကြီးကျောင်း၊ တောင်ကျောင်းနဲ့ မြောက်ကျောင်းတို့ ထိခိုက်ပျက်စီးခဲ့ပါတယ်။
ဒေသခံနဲ့နီးစပ်သူတဦးက “လူတွေမထိဘူး။ လက်နက်ကြီးစပစ်တည်းက ရွာပြင်ကျတာတွေ ရှိတယ်။ ရွာထဲ လက်နက်ကြီးပစ်မယ်ထင်လို့ ကြိုတင်ရှောင်လိုက်လို့ မထိဘူး။ ကံကောင်းတာ တချို့တွေက ခြံထဲသွားနေလို့ မထိလိုက်ဘူး” လို့ ပြောပါတယ်။
အခုလို ပစ်ခတ်နေတဲ့ စစ်ကောင်စီတပ်ကို PDF၊ ABSDF၊ KNU ပူးပေါင်းတပ်တွေက ပြန်ပစ်ကာ ဒရုန်းနဲ့ ဗုံးကြဲတဲ့အတွက် စစ်ကောင်စီဘက်က တယောက်သေတာ သေချာတယ်လို့ ABSDF တာဝန်ရှိသူထံက သိရပါတယ်။
ABSDF တာဝန်ရှိသူက “တော်ရုံတန်ရုံက ကိုယ့်ဘက်က မသိဘူး၊ သူတို့ ဘယ်လောက်သေတယ်ဆိုတာ။ အခုနောက်ပိုင်း ရန်သူက သတင်းလုံတယ်။ တယောက်သေတာတော့ သေချာတယ်၊ စနိုက်ပါသမားပစ်လိုက်တာ” လို့ ပြောပါတယ်။
အဆိုပါပစ်ခတ်မှုအပြီး ခမရ-၅၉၈ မှ ၈၁ မမနဲ့ အထက်ကွေ့ကြီး ဝေဠုဝန်ဘုန်းကြီးကျောင်းမှ ၁၂၀ မမ လက်နက်ကြီး အချက်ရေ ၃၅ ကြိမ်ခန့် ပစ်ခတ်ခဲ့ပြီး နိုဝင်ဘာလအတွင်း ခရွဲကျေးရွာကို လက်နက်ကြီးပစ်ခတ်တာ အနည်းဆုံး ၆ ကြိမ်ခန့်ရှိတယ်လို့ သိရပါတယ်။
ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်မှာတော့ ဒီဇင်ဘာ ၃ ရက် မနက်က စစ်ကောင်စီတပ်သားတယောက် ဖမ်းဆီးရမိပြီး ထွက်ပြေးတဲ့အချိန်မှာ လိုက်လံပစ်ခတ်လို့ သေဆုံးခဲ့တယ်လို့ သာယာဝတီခရိုင် တပ်ရင်း-၃၈၀၂ ကနေ သိရပါတယ်။
အုတ်ဖိုမြို့နယ်၊ ပဲခူးရိုးမအတွင်းက လင်းနေစန်းရွာ ဘုန်းကြီးကျောင်းမှာ တည်းခိုနေတဲ့ စစ်ကောင်စီတပ်သား ၃ ယောက်ကို မနေ့ မနက် ၅ နာရီလောက်မှာ တပ်ခွဲ ၅ က ရဲဘော်တွေ ဝင်ရောက်ဖမ်းဆီးခဲ့လို့ စစ်ကောင်စီတပ်သားတယောက် လက်နက်ခဲယမ်းတွေနဲ့ အတူ ဖမ်းမိခဲ့တယ်လို့ သာယာဝတီခရိုင် တပ်ရင်း-၃၈၀၂ ပြန်ကြားရေးတာဝန်ခံက ဒီဗွီဘီကို ပြောပါတယ်။
ခလရ ၁ တပ်ရင်းက ကိုယ်ပိုင်အမှတ် ၅၇၂၈၃၃ တပ်သား ရောဆက်ကို MA3 သေနတ်တလက်၊ ကျည် ၁၂ တောင့်နဲ့အတူ ဖမ်းဆီးရမိခဲ့ပြီး ကျန်တဲ့ ၂ ယောက်ကတော့ ကျောင်းထိုင်ဘုန်းကြီးကားနဲ့ ထွက်ပြေးသွားတယ်လို့ ဆိုပါတယ်။
အဲဒီ စစ်ကောင်စီတပ်သား ရောဆက်ဟာ ဒီဇင်ဘာ ၁ ရက်က စစ်ကောင်စီတပ်သား အင်အား ၃၀ နဲ့အတူ မင်းလှဆည်ဘက်ကို စစ်ကြောင်းထိုးတဲ့ အဖွဲ့ထဲမှာ ပါဝင်ပြီး စက်လှေ ၃ စီးကို မီးရှို့ဖျက်ဆီးကာ ပြည်သူတယောက်ရဲ့ နေအိမ်မှာ ဝင်ရောက်တပ်စွဲကာ အိမ်ရှင်ကို အရက်ဝယ်ခိုင်းပြီး ဇနီးဖြစ်သူကို အဓမ္မပြုကျင့်ဖို့ ကြိုးစားခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်တယ်လို့ ပြောပါတယ်။
ဒါ့အပြင် ဒီဇင်ဘာ ၂ ရက်မှာ ပြည်သူတွေကို ပေါ်တာလိုက်ဆွဲရာ ထွက်မပြေးနိုင်တဲ့ မသန်စွမ်း အမျိုးသမီးတယောက်ကို အဓမ္မပြုကျင့်ပြီး လင်းနေစန်းဘုန်းကြီးကျောင်းမှာ တည်းခိုနေချိန် ဖမ်းဆီးခံခဲ့ရတာလို့ စစ်ကောင်စီတပ်သားက ထွက်ဆိုပါတယ်။
သာယာဝတီခရိုင် တပ်ရင်း-၃၈၀၂ ပြန်ကြားရေးတာဝန်ခံက “အဲဒီ စစ်ကောင်စီတပ်သားကို စစ်သုံ့ပန်းအခွင့်အရေးအရ ကောင်းမွန်စွာ ထိန်းသိမ်းထားပေမဲ့ ဒီဇင်ဘာ ၄ ရက် မနက် ၄ နာရီလောက်မှာ ကျနော်တို့ဘက်က ရဲဘော်တွေ အိပ်ပျော်နေတဲ့အချိန် ထွက်ပြေးသွားတာကြောင့် ကင်းတာဝန်ကျ ရဲဘော် ၂ ယောက်က သေနတ်နဲ့ ပစ်ခတ်လိုက်လို့ သေဆုံးခဲ့တယ်” လို့ ပြောပါတယ်။
ပဲခူးရိုးမပေါ် ပေါက်ခေါင်းမြို့နယ်ထဲမှာ စစ်ကောင်စီက လိုက်လံဖမ်းဆီးတာ၊ ရိုက်နှက်တာတွေ လုပ်နေတာကြောင့် ထွက်ပြေးတိမ်းရှောင်နေတဲ့ စစ်ဘေးရှောင်တွေကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ကူညီပေးနေတယ်လို့ ဒေသခံ PDF တွေ ထံက သိရပါတယ်။
ပေါက်ခေါင်းမြို့နယ်ပအဖအဖွဲ့ တာဝန်ရှိသူတယောက်က “လူဦးရေက ၉၀ ကျော်လောက်ပဲရှိတာ။ သူတို့ကို ၃ နေရာလောက်မှာ ခွဲထားရတယ်။ ကလေး လူကြီး၊ ကိုယ်ဝန်ဆောင် ရောဂါသည် အစုံပေါ့၊ အသက်ကြီးသူတွေလည်း ပါတယ်။ ကျန်းမာရေးစောင့်ရှောက်မှုလည်း ပေးထားပါတယ်။ အားလုံး စားသောက်နေထိုင်ရေး အဆင်ပြေအောင် ဆောင်ရွက်ပေးထားပါတယ်။ တချို့က လန့်ဖျပ်ပြီး ပြေးလာတဲ့သူတွေလည်း ရှိတာမို့ တပတ် ၁၀ ရက်လောက်နေရင် လယ်ထဲ ယာထဲကို ပြန်မယ့်သူတွေလည်း ရှိပါတယ်။ လာလိုက်၊ အခြေအနေကြည့်ပြီးပြန်လိုက် လုပ်နေသူတွေလည်း ရှိတယ်။ ထောက်ပို့မိသားစုတွေကတော့ ရွာပြန်လို့မရတော့ဘူးပေါ့။ လက်ရှိ အရေးကြီးတဲ့ မိသားစုတွေကတော့ ကျနော်တို့ စစ်ကြောင်းလှည့်လည်သွားရာ နေရာတွေကို ခေါ်သွားရတာပေါ့။ လတ်တလောအနေနဲ့ လိုအပ်တာကတော့ စားသောက်ရေးအတွက်ပါပဲ။ ဆန် ဆီ တွေလည်း ကျနော် ရသလောက်တော့ စုဆောင်းနေပါတယ်။ ဆေးဝါးကတော့ ပထမရှိတဲ့ဆေးဝါးတွေနဲ့တော့ ကုသပေးနေပါတယ်။ အဆင်ပြေပြေတော့ ရှိနေပါတယ်။ လိုအပ်ရင် မဟာမိတ်တပ်ရင်းကနေ ကူညီဖို့တော့ အကူအညီ တောင်းထားပါတယ်။ အစားအသောက်ကတော့ မငတ်အောင်တော့ စားဖို့ စီစဉ်ထားပေမဲ့ အသားဟင်းတော့ မစားရပါဘူး။ ဒီမှာက ရွာတွေမီးရှို့ခံရတဲ့ အခြေအနေကြောင့်တော့ မဟုတ်ပါဘူး။ အများစုက ရွာတွေကို ဝင်ဖမ်းတာ၊ ပုဒ်မတွေ လျေှာက်တပ်ပြီး ဖမ်းတာတွေကြောင့် ဒီမှာလာရှောင်နေကြတာ” လို့ ပြောပါတယ်။
စစ်ကောင်စီက ပဲခူးရိုးမတောင်ပေါ်ကို PDF တွေ စိုးမိုးသွားမှာ စိုးရိမ်တာကြောင့် ပေါက်ခေါင်း အပါအဝင် ရိုးမပတ်ပတ်လည်က မြို့နယ်တွေကို မာရှယ်လောတွေ ထုတ်ထားပြီး ရိုးမပေါ်ကိုလည်း ဖြတ်သန်းသွားလာခွင့် ပိတ်ပင်ထားပါတယ်။
ပေါက်ခေါင်းမြို့နယ်ရှိ ကျေးရွာသားတဦးက “ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၀ ရက်ကျော်က တောင်ခမောက်ရွာကို လာဝိုင်းထားတာ ပေါက်ခေါင်းအထိုင် စစ်တပ်က။ ရွာထဲက ဒေသခံတွေထံက ဖုန်းတွေကို သိမ်းလိုက်ပြီး ၁၀ ရက်ကျော်လောက် ရွာကို ဝိုင်းထားတာ။ ရွာခံ အမျိုးသား ၂၀ ကျော်ကို ရွာထဲမှာပဲ စစ်ကြောရေးလုပ်ပြီး ရိုက်တာ။ သူတို့က မနက် ၄ နာရီလောက်ကြီး ရွာကိုလာဝိုင်းတော့ ဘယ်သူမှ ထွက်ပြေးလို့မရခဲ့ဘူး။ အပြင်ကိုလည်း ဘယ်သူ့ကိုမှ ဖုန်းဆက်လို့မရဘူး။ ရွာထဲက ဆန်တွေ၊ ကြက်တွေ၊ ဝက်တွေတော့ သူတို့စိတ်ကြိုက် သတ်စားသွားတယ်။ အားရအောင်နေပြီး အခုတော့ တောင်ပေါ်ကို ဆက်တက်သွားတယ်။ ရွာက လူငယ်တယောက်ကိုတော့ ဖမ်းသွားတယ်” လို့ ပြောပါတယ်။
စစ်ကောင်စီက လတ်တလောမှာတော့ သဲကုန်းမြို့နယ်ထဲက တပ်မ ၆၆ နောက်ကျောမှာ အသစ်ဖောက်ထားတဲ့ လေယာဉ်ကွင်းတကွင်းမှာ တိုက်လေယာဉ်တချို့ ရပ်တန့်ထားကာ ဒကစမှူး ဦးဆောင်ပြီး ပဲခူးရိုးမပေါ်ကို စစ်ဆင်ရေးဆင်မယ်လို့ စစ်ကောင်စီ တယ်လီဂရမ်တချို့မှာ ဖော်ပြထားပါတယ်။