ပီရူးနိုင်ငံက ပိုဒေရိုစာ သတ္တုတွင်းကို လက်နက်ကိုင်တွေက ဖောက်ခွဲရေးပစ္စည်းတွေနဲ့ ဝင်ရောက်စီးနင်းပြီး ဓားစာခံတွေ ဖမ်းခဲ့တာကြောင့် လူ ၉ ဦး သေဆုံးပြီး ၁၅ ဦး ဒဏ်ရာရခဲ့တယ်လို့ ရဲတပ်ဖွဲ့က ဒီဇင်ဘာ ၃ ရက်မှာ ပြောပါတယ်။
တိုက်ခိုက်သူတွေက ဖောက်ခွဲရေးပစ္စည်းတွေကို သုံးခဲ့ပြီး ကုမ္ပဏီက လုံခြုံရေးဝန်ထမ်းတွေနဲ့ ပြင်းပြင်းထန်ထန် ထိပ်တိုက်တွေ့ခဲ့တာပါ။ လူ ၄ ဦးကို ဓားစာခံအဖြစ် ဖမ်းခေါ်သွားတယ်လို့ အစိုးရက ပြောပါတယ်။
ပိုဒေရိုစာက အလုပ်သမား ၁၀ ဦး ဒဏ်ရာ အပြင်းအထန်ရခဲ့ပြီး ၃ ဦးကတော့ ဒဏ်ရာ အသေးစားတွေ ရခဲ့တယ်လို့ ကြေညာချက်က ဆိုပါတယ်။
“ဒီလို ကြေကွဲစရာဖြစ်ရပ်တွေဟာ သီးသန့်ဖြစ်ပျက်နေတာ မဟုတ်ပါဘူး။ အဲဒါတွေက ဇုန်အတွင်း ဘေးကင်းရေး အခြေအနေတွေ ကျဆင်းသွားခြင်းရဲ့ ရလဒ်ပါ” လို့ ကုမ္ပဏီက ထုတ်ပြန်ချက်တခုမှာ ပြောပါတယ်။
အုပ်စုဖွဲ့ ရာဇဝတ်ဂိုဏ်းတွေဟာ တရားမဝင် သတ္တုတူးဖော်ရေးနယ်ပယ်မှာ အဆမတန် ကြီးထွားလာနေတယ်လို့လည်း ကုမ္ပဏီက ပြောပါတယ်။
ပီရူးအစိုးရက ၂၀၁၇ ခုနှစ်တည်းက လက်လုပ်မိုင်းလုပ်သားတွေကို ခွင့်ပြုမိန့်ပေးခဲ့တဲ့ အစီအစဉ်တခုဖြစ်တဲ့ REINFO ရဲ့ အကာအကွယ်အောက်မှာ ရာဇဝတ်ဂိုဏ်း အဖွဲ့အစည်းတွေဟာ လုံးဝအပြစ်ကင်းကင်းနဲ့ လုပ်ငန်းလည်ပတ်နေကြတယ်လို့ ပိုဒေရိုစာက ပြောပါတယ်။
Source/Photo-Reuters