Home
မြန်မာသတင်း
မတ္တရာမြို့နယ်၌  စစ်တပ်လက်နက်ကြီးကြောင့် အမျိုးသမီးနှင့်ကလေးအပါအဝင် ၅ ဦး ဒဏ်ရာရ
DVB
·
December 4, 2023
Mattaya Bullet Victims_04122023

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်မှာ ဒီဇင်ဘာ ၃ ရက် နေ့လယ်က စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးနဲ့ ပစ်ခတ်မှုကြောင့် ကလေးငယ် ၂ ဦးနဲ့ အမျိုးသမီး အပါအဝင် ၅ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ မတ္တရာဒေသခံတွေက ပြောပါတယ်။

မတ္တရာမြို့နယ်၊ မျိုးမှန်တော်လှန်ရေးတပ်ဖွဲ့ တာဝန်ရှိသူတဦးက “နိုဝင်ဘာ ၃ ရက် နေ့လယ် ၁၂ နာရီ ၃၅ လောက်မှာ မတ္တရာ အရှေ့ဘက်လောက်ကနေပြီးတော့ လက်နက်ကြီးနဲ့ ထုတယ်၊ ထုတာကတော့ မနေ့ကတည်း ထုတယ်။ ဒီနေ့ထုတဲ့ လက်နက်ကြီးက ဆိပ်သာကျေးရွာ‌နားကို ကျတယ်၊ နောက် ရှားဈေးချက် ကျေးရွာနားကို ကျတယ်။ အဲ့ဒီ လက်နက်ကြီး ကျတာကြောင့်မို့လို့ ဒီဘက်က ပြည်သူတွေနဲ့ ပြည်သူတွေပိုင်ဆိုင်တဲ့ တိရစ္ဆာန်တွေ ထိမှန်ခဲ့တာရှိတယ်” လို့ ပြောပါတယ်။

လက်နက်ကြီး ကျရောက်ခဲ့တာကြောင့် ဆိပ်သာကျေးရွာက အသက် ၆ နှစ်နဲ့ ၇ နှစ်အရွယ် ကလေးငယ် ၂ ဦး၊ အသက် ၂၅ နှစ်အရွယ် အမျိုးသမီး ၁ ဦး၊အသက် ၆၃ နှစ်အရွယ် အမျိုးသား ၁ ဦးနဲ့ ရှားစျေးချက်ကျေးရွာက အသက် ၃၃ နှစ်အရွယ် အမျိုးသား ၁ ဦး ဒဏ်ရာရရှိခဲ့ကာ နွား ၂ ကောင် ထိခိုက်ခဲ့ပြီး ခွေး ၁ ကောင် သေဆုံးခဲ့တယ်လို့ သိရပါတယ်။

မတ္တရာမြို့နယ်အတွင်း စစ်အုပ်စုနဲ့ တော်လှန်ရေးအုပ်စုအကြား စစ်ရေးတင်းမာနေပြီး စစ်အုပ်စုဟာ ကျေးရွာတွေဘက်ကို လက်နက်ကြီးနဲ့ ပစ်ခတ်တာ၊ နေအိမ်တွေကို မီးရှို့တာတွေကြောင့် ကျောက်ဆည်လေး၊ ဆီးဖြူပင်၊ ကျွန်းပင်၊ သဖန်းကိုင်း၊ အုန်းလွတ်၊ ကင်းရွာ၊ စခန်းသာ‌၊ မြောက်ဦး၊ အောင်ချမ်းသာ၊ လမိုင်း၊ လက်ဝဲကြီး စတဲ့ ကျေးရွာတွေက ဒေသခံ သောင်းဂဏန်းနီးပါး ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။

မတ္တရာမြို့နယ်ဟာ မန္တလေးမြို့နဲ့ နယ်နိမိတ်ချင်း ထိစပ်နေပြီး ၂၅ မိုင်ခန့်သာ ဝေးကွာတာကြောင့် စစ်အုပ်စုဟာ မန္တလေးမြို့ပေါ်မှာ အပြင်းအထန် လုံခြံရေး တင်းကျပ်နေတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024