ဧရာဝတီတိုင်း၊ မအူပင်မြို့မှာ စစ်ကောင်စီတပ်တွေက ဧည့်စာရင်းစစ်ပြီး ခြိမ်းခြောက် ငွေတောင်းခံတာတွေ ရှိနေသလို ကား၊ ဆိုင်ကယ်တွေကိုလည်း နည်းမျိုးစုံနဲ့ ဖမ်းဆီး ငွေညှစ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီတပ်သားတွေက နိုဝင်ဘာလ အစတည်းက မအူပင်မြို့ထဲမှာ လုံခြုံရေးအခြေအနေ အကြောင်းပြပြီး တအိမ်တက်တအိမ်ဆင်း အိမ်ထောင်စုစာရင်းနဲ့တိုက်ကာ ဧည့်စာရင်း စစ်ဆေးပြီး ငွေကြေးတောင်းခံနေတာ ဖြစ်ပါတယ်။
မအူပင်ဒေသခံတဦးက “အိမ်ထောင်စုစာရင်းတောင်းပြီး လူစာရင်းနဲ့ တိုက်စစ်တယ်။ လူပိုရှိရင် ဧည့်စာရင်းမတိုင်ရင် သူတို့ရစ်ပြီး ငွေအများကြီးတောင်းသလို ဖုန်းတွေလည်းစစ်တယ်။ တချို့ မသင်္ကာရင် ဖုန်းတို့ ပိုက်ဆံအိတ်တွေ သိမ်းပြီး တခါတည်း ရဲစခန်းကို ဖမ်းသွားတာ။ အရင်ကစစ်ရင် ရာအိမ်မှူးနဲ့ အုပ်ကြီးလောက်ပဲ စစ်ပေမဲ့ အခုတော့ ရဲတွေ၊ စစ်သားတွေ ပါလာတယ်။ တခါလာစစ်ရင် သူတို့အင်အား ၁၅ ယောက်လောက် ရှိတယ်” လို့ ပြောပါတယ်။
ဧည့်စာရင်း တိုင်ကြားတဲ့စနစ်ကို အရပ်သားအစိုးရလက်ထက်က ဖျက်သိမ်းခဲ့ပေမဲ့ စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း ပြန်လည်ကျင့်သုံးလာတာ ဖြစ်ပါတယ်။
မအူပင်မြို့နယ်ရှိ မြို့အဝင်ဂိတ်၊ ကျေးရွာချင်းဆက် လမ်းထိပ်နဲ့ မြို့ရှောင်လမ်းတလျှောက်မှာ စစ်ကောင်စီတပ်တွေက ခဏအထိုင်ချပြီး ဆိုင်ကယ်၊ ထော်လာဂျီ၊ သုံးဘီးယာဉ်နဲ့ ခရီးသွားယာဉ်တွေကို နည်းမျိုးစုံနဲ့ ဖမ်းဆီးငွေညှစ်ပြီး ပိုက်ဆံကောက်ခံနေတာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဧရာဝတီတိုင်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တွေ ပြန်ဝင်လာတော့မယ်ဆိုတဲ့ သတင်းထွက်ပေါ်လာပြီး နောက်ပိုင်းမှာ စစ်ကောင်စီတပ်သားတွေက ဧရာဝတီတိုင်း မြို့တွေရှိ မြို့အဝင်အထွက် စစ်ဆေးရေးဂိတ်တွေမှာ ပိတ်ဆို့ရှာဖွေ ဖမ်းဆီးတာတွေ ရှိနေပါတယ်။