ပဲခူးတိုင်း၊ ကဝမြို့နယ်ရှိ ကျေးရွာတွေက ပြည်သူ့စစ်တွေကို ရှေ့တန်းတာဝန်ပေးစေခိုင်းဖို့ ဆိုပြီး မြို့နယ်စစ်ကောင်စီက ခေါ်ယူနေပေမဲ့ အများစုက သွားရောက်ခြင်းမရှိဘဲ ငြင်းဆန်နေတာ ရှိတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ကဝမြို့နယ်အတွင်း ကျေးရွာတွေမှာ နယ်မြေလုံခြုံရေးအတွက်ဆိုပြီး ပြည်သူ့စစ်တွေ ဖွဲ့ထားတာရှိပြီး ဒီရက်ပိုင်းမှာ အဲဒီ ပြည်သူ့စစ်မှာ ပါသူတွေကို မြို့ပေါ် အင်အားစုဆောင်းဖို့ ခေါ်နေတာဖြစ်တယ်လို့ ဆိုပါတယ်။
ကဝမြို့နယ် ဒေသခံတဦးက “သင်တန်းပေးပြီး ရှေ့တန်းလွှတ်မလို့လား မသိဘူး။ စစ်တိုက်ရမှာ ကြောက်လို့ တော်တော်များများက မသွားကြဘူး။ ကိုယ့်လယ်အလုပ်ပဲ ကိုယ် ဆက်လုပ်နေကြတယ်။ အုပ်ကြီးတွေကတော့ ငြင်းဆန်မရတော့ မြို့ပေါ်တက်သွားတယ်။ နှစ်ရက် ကျော်ပြီ၊ ရွာပြန်မရောက်သေးဘူး” လို့ ပြောပါတယ်။
ကျေးရွာပြည်သူ့စစ်အဖွဲ့မှာ ပါဝင်သူအများစုက အသက်ကြီးပိုင်းတွေဖြစ်ပြီး လက်ရှိ နိုင်ငံရေးအခြေအနေကို နားမလည်ဘဲ အုပ်ချုပ်ရေးမှူးက နာမည်စာရင်းတောင်းလို့ ပေးလိုက်သူတွေ များတယ်လို့ ကိုယ်တိုင် ပြည်သူ့စစ်စာရင်းထဲ ပါနေသူတဦးက ဆိုပါတယ်။
“စာရင်းထဲ ထည့်လိုက်မယ်ဆိုလို့ အလွယ်လက်ခံလိုက်တာ။ ဒီဘက်မှာက အေးအေးချမ်းချမ်းပဲ။ ဒါကို လှမ်းခေါ်တယ်ဆိုတော့ ဘယ်ကိုလွှတ်မလို့လဲ မသိဘူးလေ။ ကိုယ်က မိသားစုလည်းရှိနေတာ မသွားနိုင်ပါဘူး။ အခုက အဲဒီစာရင်းထဲကနေ ပြန်ထုတ်ပေးဖို့လည်း ပြောထားတယ်။”
ဒါ့အပြင် ကဝမြို့နယ်ထဲက ကျေးရွာတွေမှာ ပြည်သူ့စစ်ထောက်ပံ့ကြေးဆိုပြီး နိုဝင်ဘာလကစပြီး အိမ်ထောင်စုအလိုက် ဆက်ကြေးပေးနေကြရတယ်လို့လည်း ဒေသခံတွေဆီက သိရပါတယ်။