နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားငယ်ဦးဆောင်တဲ့ GLOBAL FREEDOM TATTOO CAMPAIGN ကို အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့မှာ ဒီဇင်ဘာ ၃ ရက် မွန်းလွဲပိုင်းက ကျင်းပခဲ့ပါတယ်။
အခမ်းအနားကို ကိုထိန်လင်းက အွန်လိုင်းကနေတဆင့်ပါဝင်ခဲ့ပြီး လက်ရှိဖြစ်ပေါ်နေတဲ့ တိုက်ပွဲ အခြေအနေတွေကြောင့် ပြည်သူတွေအတွက် စာနာမှုဆိုင်ရာအကူအညီတွေ ပိုပြီးလိုအပ်နေတဲ့ အတွက် အားလုံးပူးပေါင်းကူညီကြဖို့ မေတ္တာရပ်ခံပါတယ်။
ကိုထိန်လင်းက "လူသားချင်းစာနာမှု အကူအညီတွေဟာ အခုအခြေအနေတွေကြောင့် ပိုပြီး လိုအပ်နေပါတယ်။ ကျနော်တို့ရဲ့ အခုလို အားထုတ်မှုကြောင့် တိုက်ပွဲတွေကြား မုတ်သုန်မိုးဒဏ်တွေကြားမှာ နေအိမ်စွန့်ခွာထွက်ပြေးနေရတဲ့ စစ်ရှောင်ပြည်သူတွေအတွက် သေမယ့် ဘေးကနေ လွတ်အောင်ကူညီနိုင်ပါလိမ့်မယ်"လို့ ပြောပါတယ်။
မြန်မာ့ရိုးရာလက်ဝှေ့ကျော် တူးတူး မတရားဖမ်းဆီးခံရပြီး အသက်ပေးလှူခဲ့ရတဲ့ဖြစ်စဉ်အပြီးမှာ ရိုးရာလက်ဝှေ့ကိုနှစ်ခြိုက်တဲ့ ကင်မ်က တူးတူးကို ဂုဏ်ပြုဖို့နဲ့ နိုင်ကျဉ်းတွေနဲ့မိသားစုတွေ၊ စစ်ဘေးရှောင်တွေကို အကူအညီပေးနိုင်ဖို့ ကမ္ဘာတဝန်းရန်ပုံငွေရှာဖွေပွဲကို စီစဉ်ခဲ့တာဖြစ်ပါတယ်။
တက်တူးကမ်ပိန်းမှာ ပါဝင်ခဲ့သူတဦး "ကင်(မ်) ရေးထားသလိုပဲ စထိုးခါစမှာ နာပေမဲ့ အကုန်လုံး ကျနော်တို့ရဲ့ ကျဆုံးသွားတဲ့ရဲဘော်တွေ သူတို့ရဲ့စိတ်ဝိဥာဉ်တွေနဲ့ အခုလောလောဆယ် တိုက်နေတဲ့ရဲဘော်တွေရဲ့ fighting spirit တွေ ကျနော်တို့ ဒီတက်တူးထဲမှာ ကိန်းအောင်းနေတယ်လို့ ခံစားရတယ်။ အဲ့ဒါကတော့ ကျနော့်အတွက် အဓိက စိတ်အားတက်ကြွစေတဲ့လှုံ့ဆော်မှုပေါ့။"
တက်တူး ရန်ပုံငွေရှာဖွေပွဲဟာ အောက်တိုဘာ ၃၀ ရက်ကနေ ဒီဇင်ဘာ ၃ ရက်အထိ မြန်မာနိုင်ငံအတွင်း တရားမဲ့အကျဉ်းကျခံ၊ ကွပ်မျက်ခံခဲ့ရတဲ့ သူရဲကောင်းတွေရဲ့မိသားစုတွေ၊ သန်းနဲ့ချီရှိလာတဲ့စစ်ဘေးသင့်ပြည်သူတွေကို တတ်နိုင်တဲ့ဘက်က ကူညီပံ့ပိုးနိုင်ဖို့ရည်ရွယ်ထားတဲ့ ကမ်ပိန်းဖြစ်ပါတယ်။
ယူကေ နိုင်ငံဆိုင်ရာ NUG ကိုယ်စားလှယ် ဒေါက်တာ သက်ကိုကိုက "ကျနော်တို့က လူရာဝင်ပြီး စကစက လူရာမဝင်အောင် အတတ်နိုင်ဆုံးကြိုးစားနေပါတယ်။ စစ်တပ်က ပြောတဲ့စကားကို ကျနော်ပြန်ယူပြီးသုံးပါ့မယ်။ ပြည့်အင်အားသည် ပြည်တွင်းမှာသာရှိသည် ဆိုတာသိပ်မှန်ပါတယ်။ အခုပြည်တွင်းမှာ တကယ်တမ်းသိမ်းနိုင်တော့မှ ကျနော်တို့ကို နိုင်ငံခြားကလူတွေက ပိုပြီးတော့ လူလူသူသူ ပြောစကားဆိုစကားနားထောင်တယ်ပေါ့နော်"လို့ ပြောပါတယ်။
အလှမယ် မေမြတ်နိုးက "နည်းနည်းပဲဖြစ်ဖြစ် များများပဲဖြစ်ဖြစ် တတ်နိုင်သလောက် ပါဝင်ကူညီပေးဖို့က အရေးကြီးတယ်။ အဲ့ဒါမှလည်း လိပ်ပြာလုံလုံပေါ့နော် တော်လှန်ရေးအောင်တဲ့ အချိန်မှာ ဖက်ဒရယ်ဒီမိုကရေစီကို ငါတို့လည်းပါဝင်ခဲ့တယ်ဆိုတဲ့ဂုဏ်ကို ထမ်းဆောင်နိုင်မယ်လို့ ယုံကြည်ပါတယ်။ နည်းနည်း များများပေါ့နော်။ ပါဝင်ပေးပါ ကူညီပေးပါ။ မြတ်နိုးတို့ အရေးတော်ပုံအောင်နေပြီ။ ပြီးလို့ရှိရင် ရန်ကုန်မှာ တွေ့ပါမယ်လို့ ပြောချင်ပါတယ်။"
နယူးယောက်မြို့ခံ Helping Hands for Burma (H2B) အဖွဲ့က ကမ်ပိန်းမှာ ယာယီတက်တူးတွေ၊ လက်ဆောင် ပစ္စည်းတွေရောင်းချပြီး ရရှိလာတဲ့ရန်ပုံငွေအားလုံးကို မြန်မာနိုင်ငံအတွင်းလိုအပ်နေတဲ့နေရာတွေကို လှူဒါန်းသွားမှာပါ။
H2B အဖွဲ့ဝင်တဦးက "ရရှိလာတဲ့အလှူငွေတွေအားလုံးကို ကျမတို့ မြန်မာပြည်မှာ စစ်ဘေးဒုက္ခရောက်နေတဲ့ နေရာအားလုံးကို လိုအပ်တဲ့နေရာတွေကို ပံ့ပိုးကူညီသွားမှာ ဖြစ်ပါတယ်"လို့ ပြောပါတယ်။
ပွဲအပြီးမှာ Freedom Tattoo Campaign မှာ ပါဝင်လှူဒါန်းသူအားလုံးကို Kim ကင်မ်ရဲ့ လက်မှတ်ပါရှိတဲ့ ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်ခဲ့ပါတယ်။
သတင်း- သုတချမ်းသာ
PHOTO- DVB