Home
မြန်မာသတင်း
ကျဆုံးစစ်သည်များဂုဏ်ပြုပွဲ စစ်ခေါင်းဆောင် မတက်ရောက်
DVB
·
December 4, 2023
sol 4122023

နေပြည်တော်၊ ဇေယျာသီရိမြို့နယ်ရှိ သူရဲကောင်းဗိမာန်မှာ နိုဝင်ဘာ ၃ ရက်  မနက်ပိုင်းက ကျင်းပတဲ့ ကျဆုံးစစ်သည်များအတွက် ဂုဏ်ပြုခြင်းအခမ်းအနားကို စစ်ခေါင်းဆောင်  ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တက်ရောက် ဂါရဝပြုခြင်း မရှိခဲ့ဘူးလို့ စစ်ကောင်စီတပ်နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

အခမ်းအနားကို ဒုတိယဗိုလ်ချုပ်ကြီးစိုးဝင်းဦး၊ အမှတ် ၆ စစ်ဆင်ရေးအထူးတပ်ဖွဲ့မှူး ဒုတိယဗိုလ်ချုပ်ကြီးတေဇကျော်၊ တွဲဖက်စစ်ထောက်ချုပ် ဗိုလ်ချုပ်သိုက်စိုးတို့ တက်ရောက်ပြီး စစ်မှုထမ်းဟောင်းအဖွဲ့ ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီးစိန်ဝင်း၊ ဒုတိယဗိုလ်ချုပ်ကြီးဟောင်း တင်အေးတို့  တက်ရောက်ခဲ့တယ်လို့ စစ်မှုထမ်းဟောင်းတဦးက ဒီဗွီဘီကို ပြောပါတယ်။

"ဒီပွဲကို နှစ်တိုင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရော စိုးဝင်းရော မတက်ဘူး။ အသက်​သေသွားတဲ့ လက်အောက်ငယ်သားတွေအပေါ် အလေးမထားဘူး။ ကျန်တဲ့နှစ်တွေ မတက်တာထား။ ဒီနှစ် ကိုယ့်တပ်မှာ ဒီလောက်သေနေတာ။ မိသားစုဝင်တွေကို အားပေးတဲ့အနေနဲ့ တက်သင့်တယ်"လို့ ပြောပါတယ်။

အဆိုပါပွဲကို ရဲချုပ်ဟောင်း ဗိုလ်မှူးချုပ်ခင်ရီ၊  ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဟောင်း  အငြိမ်းစား ဗိုလ်မှူးကြီးဝင်းထွန်းတို့ လာရောက် ဂါဝရပြုခဲ့ကြပါတယ်။

"ပါတီဘက်ကကြည့်ရင် ပြည်ခိုင်ဖြိုးပါတီက လာတယ်။ တပ်ထောက်ခံသူတွေ။ အမျိုးသားရေးလှုပ်ရှားသူတွေနဲ့ ကျဆုံးအရာရှိစစ်သည်တွေရဲ့ မိသားစုဝင်တွေလည်း လာကြတယ် ဒီနှစ်အကုန်လုံး မျက်နှာမကောင်းကြဘူး”လို့ စစ်မှုထမ်းဟောင်းက ပြောပါတယ်။

အောက်တိုဘာ ၂၇ ရက်က ရှမ်းပြည်နယ်မြောက်ပိုင်းမှာ စတင်ခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေးမှာ စစ်ကောင်စီဘက်က တပ်မ ၉၉ တပ်မမှူး ဗိုလ်မှူးချုပ် အောင်ကျော်လွင်အပါအဝင် အရာရှိ ၊ စစ်သည် ထောင်ချီကာ သေဆုံးခဲ့ပြီး တပ်စခန်း ၂၀၀ ကျော်နဲ့ လက်နက်ခဲယမ်း အများအပြား သိမ်းဆည်းခံရပါတယ်။

နေပြည်တော် ဇေယျာသီရီမြို့နယ်ရှိ သူရဲကောင်းဗိမာန်ကို စစ်ကောင်စီက ၂ဝ၁၇ ခုနှစ် မတ်၂၇ ရက်မှာ ဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်။ 

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024