ဖိလစ်ပိုင်ကမ်းခြေစောင့်တပ် (PCG) က သူ့ နိုင်ငံရဲ့ သီးသန့်စီးပွားရေးဇုန် (EEZ) ထဲမှာရှိနေတဲ့ သန္တာကျောက်တန်းမှာ တရုတ်ရေကြောင်း ပြည်သူ့စစ်ရေယာဉ် အရေအတွက်မှာ စိုးရိမ်စရာ ကောင်းလောက်အောင် တိုးလာတာကို စောင့်ကြည့်ပြီးတဲ့နောက် တောင်တရုတ်ပင်လယ်မှာ စစ်သင်္ဘော နှစ်စင်း ဖြန့်ကြက် တာဝန်ချထားခဲ့ပါတယ်။
ဂျူလီယန် ဖိလစ်ပီသန္တာကျောက်တန်းလို့ ဖိလစ်ပိုင်အစိုးရက ခေါ်တဲ့ ဝှိုက်ဆန်း သန္တာကျောက်တန်း အတွင်း ပြန့်ကျဲနေတဲ့၊ ပြည်သူ့စစ်တပ်ဖွဲ့ဝင်တွေပါတယ်လို့ ယုံကြည်ရတဲ့ တရုတ်လှေ အရေအတွက်ဟာ နဂိုက ၁၁၁ စီး ကနေ နိုဝင်ဘာလထဲမှာ ၁၃၅ စီးအထိ တိုးလာတယ်လို့ PCG က သတင်း ထုတ်ပြန်ထားပါတယ်။
“PCG ဟာ အနောက် ဖိလစ်ပိုင်ပင်လယ်ထဲက ဖိလစ်ပိုင်နိုင်ငံရဲ့ ပိုင်နက်နယ်မြေ ဂုဏ်သိက္ခာ၊ အချုပ်အခြာအာဏာနဲ့ စီရင်ပိုင်ခွင့်အာဏာကို ကာကွယ်ရာမှာ ရေကြောင်းလုံခြုံရေး၊ ဘေးကင်းရေးနဲ့ အဏ္ဏဝါပတ်ဝန်းကျင် ကို အကာအကွယ်ပေးဖို့ မယိမ်းယိုင်တဲ့ ကတိကဝတ်ကို ထိန်းသိမ်း ထားတယ်”လို့လည်း ဖိလစ်ပိုင် ကမ်းရိုးတန်းစောင့်တပ်က ပြောပါတယ်။
အနောက်ဖိလစ်ပိုင် ပင်လယ်ဟာ ဖိလစ်ပိုင်နိုင်ငံရဲ့ သီးသန့်စီးပွားရေးဇုန်လို့ သတ်မှတ်ထားတဲ့ ရေမိုင် ၂၀၀ အတွင်းကျရောက်နေတဲ့ တောင်တရုတ်ပင်လယ်ထဲက ရေပိုင်နက်ကို ဖိလစ်ပိုင် အစိုးရ က ခေါ်ဝေါ်တဲ့ ဝေါဟာရဖြစ်ပါတယ်။
ဖိလစ်ပိုင် မြို့တော် မနီလာမြို့မှာရှိတဲ့ တရုတ်သံရုံးက ချက်ခြင်း မှတ်ချက် မပေးသေးပါဘူး။ တောင်တရုတ်ပင်လယ်ဟာလဲ တရုတ်နဲ့ အမေရိကန် ကြားတင်းမာမှုအတွက် ရေတပ်ဆိုင်ရာ အချက်အချာ ဖြစ်လာခဲ့ပါတယ်။
တောင်တရုတ်ပင်လယ်ပြင်မှာ ကင်းလှည့်ပြီး ပြဿနာတက်အောင် လှုံ့ဆော်ဖို့ ဖိလစ်ပိုင်က နိုင်ငံခြားတပ်ဖွဲ့တွေကို စုဆောင်းနေတယ်လို့ တရုတ်က စွပ်စွဲလိုက်ပါတယ်။
ဖိလစ်ပိုင်အစိုးရကတော့ သူ့ရဲ့ ရေကြောင်း လှုပ်ရှားမှုတွေဟာ သူ့ရဲ့ လုပ်ပိုင်ခွင့် ဘောင်အတွင်းမှာပဲ ရှိတယ်လို့ အခိုင်အမာ ပြောကြားခဲ့ပါတယ်။
တောင်တရုတ်ပင်လယ်ရဲ့ ၉၀ ရာခိုင်နှုန်းကို ပိုင်ဆိုင်ကြောင်း ၂၀၁၆ ခုနှစ်မှာ တရုတ်ရဲ့ တောင်းဆိုမှုကို တရားမဝင်ဘူးလို့ နိုင်ငံတကာခုံရုံး တခုက ဆုံးဖြတ်ခဲ့ပေမယ့် တရုတ်အစိုးရက ဒီစီရင်ချက်ကို အသိအမှတ်မပြုပါဘူး။
တရုတ်ဟာ မကြာသေးမီနှစ်တွေအတွင်း အငြင်းပွားရေပိုင်နက်မှာ လူလုပ်ကျွန်းတွေကို တည်ဆောက်ခဲ့ပြီး ကျွန်းတချို့မှာ လေကြောင်းရန် ကာကွယ်ရေး ကင်းစခန်းတွေ ချထားခဲ့ပါတယ်။
ထိုင်ဝမ်၊ မလေးရှား၊ ဗီယက်နမ်နဲ့ ဘရူနိုင်းတို့ အားလုံးက တောင်တရုတ်ပင်လယ်ရဲ့ အစိတ်အပိုင်းတွေကို သူတို့လည်း ပိုင်ဆိုင်တယ်လို့ အခိုင်အမာ ပြောထားပါတယ်။
PCG ရဲ့ အစီရင်ခံစာထဲမှာ ဖိလစ်ပိုင်က အမေရိကန်နဲ့ ပူးတွဲလေကြောင်း၊ ရေကြောင်း ကင်းလှည့်အပြီး ရက်နည်းနည်းအကြာမှာ တောင်တရုတ်ပင်လယ်အတွင်း သြစတြေးလျ နိုင်ငံနဲ့အတူ စစ်ရေး လေ့ကျင့်ခဲ့လို့ တရုတ်ပြည်မကြီး အစိုးရနဲ့ ဆက်ဆံရေးတင်းမာခဲ့ပါတယ်။
ဖိလစ်ပိုင်ဟာ တောင်တရုတ်ပင်လယ်ထဲမှာ တရုတ်ပြည်မကြီး အစိုးရရဲ့ "ရန်လိုတဲ့ လှုပ်ရှားမှုတွေ လို့ ဖော်ပြထားတဲ့ အရာကို တန်ပြန်ဖို့ အရှိန်မြှင့် ကြိုးပမ်းနေပါတယ်။
Source/Photo - Reuters