ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့နယ်ထဲကိုရောက်နေတဲ့ ကရင်နီစစ်ရှောင် ၂ သောင်းကျော် အတွက် နေထိုင်စားသောက်ရေးအကူအညီတွေ လိုအပ်နေတယ်လို့ စစ်ရှောင်အရေး အကူအညီပေးနေသူတွေဆီက သိရပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်နဲ့ ၂၀၂၂ ခုနှစ်ကတည်းက ဆီဆိုင်မြို့နယ်ကို ရောက်နေတဲ့ စစ်ရှောင်ဦးရေ ၁ သောင်းကျော်အပြင် အခုနှစ် နိုဝင်ဘာလအတွင်း ထပ်ရောက်လာတဲ့စစ်ရှောင် ၁ သောင်းကျော်အတွက် စားနပ်ရိက္ခာအပြင် နေရာထိုင်ခင်းနဲ့ အနွေးထည် အများအပြား လိုအပ်နေတာလိုH ဆိုပါတယ်။
စစ်ရှောင်အရေးအကူအညီပေးနေသူတဦးက “စစ်ရှောင်တွေထဲမှာ ကလေးတွေက အများကြီးပါလာတယ်။ နေရာမရသေးတဲ့ စစ်ရှောင်တွေလည်း ရှိသေးတယ်။ ကျောတခင်းစာအတွက် ရတဲ့မိုးကာတွေပေါ် အိပ်ရတယ်။ စားသောက်ဖို့က အကုန်လုံး မရနိုင်ဘူး။ လူက တအားများလွန်းတယ်။ ယာယီတဲတွေလည်း မလောက်ဘူး။ အခုထိလည်း ထပ်လာတဲ့သူတွေရှိနေတယ်” လို့ ပြောပါတယ်။
စစ်ရှောင်ပြည်သူတွေထဲက မီးဖွားမိခင် ၂၀ ကျော်ကို ဆီဆိုင်မြို့ပြည်သူ့ဆေးရုံက ကြည့်ရှုစောင့်ရှောက်ပေးထားပြီး စစ်ရှောင်စခန်းမှာရှိနေတဲ့ သက်ကြီးရွယ်အိုနဲ့ ကလေးငယ်တွေကျန်းမာရေးအတွက် ဆေးဝါးတွေ လိုအပ်နေပြီး ရာသီအကူးမှာ နှာစေး၊ ချောင်းဆိုးတာတွေလည်း အဖြစ်များနေတယ်လို့ ဆိုပါတယ်။
လွိုင်ကော်မြို့ကလာရောက်တဲ့ စစ်ရှောင်အမျိုးသမီးတယောက်က “လာတုန်းက လွိင်ကော်နဲ့ ဆီဆိုင် ၁ နာရီခရီးကို တနေကုန် တောလမ်းကနေလာရတယ်။ ရှေ့မှာနေစရာရှိလား၊ မရှိလား မသိ။ စားဖို့ရှိလားလည်း မသိ။ အသက်ဘေးကြောက်လို့ လာခဲ့တာ။ ဒီရောက်တော့ စားဖို့မရှိတာတော့ တွေးထားပြီးသားပါ။ ဈေးထဲမှာ ရောင်းမကုန်တဲ့ဟင်းရွက်တွေ ဘုန်းကြီးကျောင်းနဲ့ စစ်ရှောင်ကော်မတီက လှူပေးတဲ့ ဆန်တွေတော့ ရှိတယ်။ ၁ ရက် ၂ ရက်စာပဲ ရှိတယ်။ နောက်ရက်စားဖို့ မရှိတော့ဘူး” လို့ ပြောပါတယ်။
စစ်ရှောင်ဦးရေ များလွန်းတာကြောင့် စစ်ရှောင်စခန်းတွေအပြင် မြိုပေါ်နီးစပ်ရာ အသိမိတ်ဆွေအိမ်တွေ၊ ကျေးရွာဘုန်းကြီးကျောင်းတွေမှာ ခိုလှုံနေကြသူတွေရှိပြီး စစ်ရှောင်တချို့ဟာ နေစရာမရှိတာကြောင့် အခုထိ နေစရာရှာဖွေနေသူတွေလည်း ရှိတယ်လို သိရပါတယ်။
ဆီဆိုင်မြို့ဟာ ရှမ်း-ကယားနယ်စပ်မြိုဖြစ်ပြီး အခုလက်ရှိမှာလည်း စစ်ကောင်စီတပ်တွေက ပြည်ထောင်စုလမ်းမကြီးပေါ် ခရီးသွားတွေကို စစ်ဆေးရေး တင်းကျပ်နေတဲ့အပြင် စစ်ရှောင်တွေကို ဖြတ်သန်းသွားလာတာတွေ ခွင့်မပြုဘူးလို့ ခရီးသွားတွေဆီက သိရပါတယ်။