စစ်တပ်အာဏာသိမ်းမှုအပေါ် အကြမ်းမဖက်အာဏာဖီဆန်ရေး CDM လှုပ်ရှားမှုမှာ ပါဝင်ထားတဲ့ ဝန်ထမ်းတွေစုပေါင်းပြီး မွန်ပြည်နယ် CDM နိုင်ငံ့ဝန်ထမ်းများကောင်စီ CCSC-MON ကို ဖွဲ့စည်းလိုက်တယ်လို့ အဲဒီကောင်စီက ဒီဇင်ဘာ ၁ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
မွန်ပြည်နယ် CDM နိုင်ငံ့ဝန်ထမ်းများကောင်စီကို ပညာရေး CDM နိုင်ငံ့ဝန်ထမ်းများ အစုအဖွဲ့၊ ကျန်းမာရေး CDM နိုင်ငံ့ဝန်ထမ်းများအစုအဖွဲ့နဲ့ တခြားဌာနဆိုင်ရာ CDM နိုင်ငံ့ဝန်ထမ်းများအစုအဖွဲ့တို့နဲ့ ပေါင်းစည်း ဖွဲ့စည်းခဲ့တာပါ။
ဒီကောင်စီဟာ မွန်ပြည်နယ်အတွင်းရှိ CDM နိုင်ငံ့ဝန်ထမ်းတွေ၊ Non-CDM တွေ၊ အလင်းဝင်လာတဲ့ Non-CDM တွေ ကြားကာလဝန်ထမ်းယန္တရားနဲ့ တခြားလိုအပ်တဲ့ မူဝါဒတွေပေါ်ထွက်လာစေဖို့၊ CDM နိုင်ငံ့ဝန်ထမ်းတွေ ပိုမိုကျယ်ပြန့်စွာ ပူးပေါင်း ပါဝင်လာနိုင်စေဖို့၊ စွမ်းဆောင်ရည်ပြည့်ဝတဲ့ ဝန်ထမ်းယန္တရားတရပ် ပေါ်ထွန်းလာစေဖို့ ဆိုတဲ့ ရည်ရွယ်ချက် ၃ ခုနဲ့ ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။
မော်လမြိုင် တက္ကသိုလ် CDM ဆရာတယောက်က “ကျမတို့က ဝမ်းသာအားရ ကြိုဆိုတယ်။ ကိုယ့်ပြည်နယ်ရဲ့ဥပဒေပြုမှုမှာ CDM တွေရဲ့ ဆန္ဒတွေကိုယူမယ်။ တင်ပြခွင့်ရှိတယ်ဆိုတော့ သဘောကျပါတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။
ကောင်စီအနေနဲ့ တခြားတိုင်းနဲ့ပြည်နယ်တွေမှာ CDM နိုင်ငံ့ဝန်ထမ်းတွေရဲ့ သီးခြား စုဖွဲ့ ကိုယ်စားပြုတဲ့ အဖွဲ့အစည်းတွေပေါ်ထွက်လာရေးကို အထူးအားပေးထောက်ခံသလို ဘုံရည်မှန်းချက်တူညီတဲ့ CDM အဖွဲ့အစည်းတွေနဲ့ ဆက်လက်ပူးပေါင်း ဆောင်ရွက်သွားမယ်လို့ ဆိုထားပါတယ်။
မွန်ပြည်နယ်အတွင်းက CDM ဝန်ထမ်းတွေဟာ စစ်တပ်အာဏာသိမ်းတဲ့ ၃ နှစ်နီးပါး ကာလအတွင်း စစ်ကောင်စီရဲ့နည်းလမ်းမျိုးစုံနဲ့ ဖိနှိပ်တာ၊ ခြိမ်းခြောက်တာ၊ နေအိမ် လိုင်းခန်းတွေကနေ အတင်းအဓမ္မ ဖယ်ရှားခံရတာ၊ မတရားဖမ်းဆီးမှုတွေခံခဲ့ရတာ ဖြစ်ပါတယ်။
တဖက်မှာတော့ စစ်ကောင်စီဟာ CDM ဝန်ထမ်းတွေကို ပြည်ပထွက်ခွာခွင့် ပိတ်ပင်တာ၊ စောင်ကြည့်စစ်ဆေးတာ၊ ပုဂ္ဂလိကလုပ်ငန်းခွင်တွေမှာ မဝင်ရောက်နိုင်အောင် ကန့်သတ်တာတွေ လုပ်ထားတာပါ။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ရဲ့ အချက်အလက်တွေအရ အာဏာသိမ်း ကာလအတွင်း CDM ပြုလုပ်ထားတဲ့ ဝန်ထမ်း ၄ သိန်းနီးပါး ရှိတယ်လို့ သိရပါတယ်။