မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ဇီးဖြူသောင်ကျေးရွာမှာ ဒီနေ့ ဒီဇင်ဘာ ၂ ရက်နေ့ မနက် ၁၁ နာရီခွဲလောက်က မီးလောင်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ငွေသောင်ဖြူရပ်ကွက်က မီးစတင်လောင်ကျွမ်းတာဖြစ်ပြီး မနက် ၁၁ နာရီခွဲလောက်အထိ ငြိမ်းသတ်လို့မရသေးဘဲ အရှိန်ပြင်းနေတုန်းလို့ ဆိုပါတယ်။
ဒေသခံတယောက်က “ဇီးဖြူသောင်ရွာ ကမ်းနားက စလောင်လာတာ။ မီးက ကျေးရွာလယ်နားက အုပ်ချုပ်ရေးမှူးရုံးနားအထိ လောင်လာတာ။ မီးအရှိန်ပြင်းတယ်။ အိမ်က တအိမ်နဲ့ တအိမ် ကပ်နေတော့ လေက တိုက်နေတုန်းဆိုတော့ မီးကို အပူတပြင်း မီးသတ်သမားတွေက ငြိမ်းသတ်နေတုန်းပဲ” လို့ ပြောပါတယ်။
လောလောဆယ် အိမ်ခြေ ၁၅ လုံးလောက် မီးထဲပါသွားပြီး နောက်ထပ်အခြေအနေကို မသိရသေးလို့ဆိုပါတယ်။
မီးလောင်တာက ရွာအလယ်မှာဖြစ်လို့ ဈေးလည်းရှိနေပြီး ပစ္စည်းတွေ သယ်ထုတ်နေကြတယ်လို့လည်း သူက ပြောပါတယ်။
ဇီးဖြူသောင်ကျေးရွာဟာ ရေးမြို့နယ်ကနေ ၇ မိုင်လောက်ဝေးပြီး ပင်လယ်ငါးဖမ်းလုပ်ငန်း လုပ်ကိုင်တဲ့ ရွာလည်းဖြစ်သလို အနယ်နယ်အရပ်ရပ်က ရွှေ့ပြောင်းရေလုပ်သားတွေ ဝင်ရောက်လုပ်ကိုင်နေကြတဲ့ ရွာလည်းဖြစ်ပါတယ်။