Home
နိုင်ငံတကာ
ပါရီ၌ အိုလံပစ်ပွဲတော် စချိန် ဘီးတပ်ကုလားထိုင်သုံးသူ ၁၄ ရာခိုင်နှုန်းထိ သွားလာနိုင်ရေး ဆောင်ရွက်မည်
DVB
·
December 2, 2023
chair 2122023

ကုလသမဂ္ဂ မသန်စွမ်းသူများနေ့ဖြစ်တဲ့ ဒီဇင်ဘာ ၃ ရက် မတိုင်မီမှာ ၂၀၂၄ အိုလံပစ်နဲ့ မသန်စွမ်း အားကစားပြိုင်ပွဲတွေအကြောင်း လူတွေ အာရုံမှာ စိုးမိုးနေချိန်မှာ ပြင်သစ်မြို့တော် ပါရီက ဘီးတပ် ကုလားထိုင် သုံးနေရတဲ့သူတွေဟာ ပါရီမြို့တော်က သယ်ယူပို့ဆောင်ရေးစနစ်ဆိုင်ရာ ပြဿနာ တွေကို မီးမောင်းထိုးပြနေပါတယ်။

ပါရီရဲ့ လမ်းတွေမှာ အသွားအလာ ပုံမှန် ပိတ်ဆို့နေလို့ မြေအောက်ကနေ သွားလာတာက မကြာခဏ ပိုမြန်ပေမယ့် မြေအောက် ဘူတာရုံတွေရဲ့ ၉ ရာခိုင်နှုန်းကသာ လှေကားကနေ အတက်အဆင်း လုပ်စရာမလိုဘဲ ဝင်ရောက်နိုင်ပါတယ်။ 

“ဘီးတပ်ကုလားထိုင်နဲ့ ပါရီမြို့မှာ သွားလာရတာ ခက်ခဲပါတယ်၊ ကြမ်းတမ်းပြီး တစ်ခါတရံမှာ မဖြစ်နိုင်ပါဘူး”လို့ အာရုံကြောကြွက်သားရောဂါကြောင့် ဘီးတပ်ကုလားထိုင်ဖြင့် ဘဝတလျှောက်လုံး နေထိုင်ခဲ့ရတဲ့ APF France handicap လှုပ်ရှားမှုအဖွဲ့ က အသက် ၅၂ နှစ်အရွယ် ဖရန့်ခ် မိုင်လေက ပြောပါတယ်။

ဗြိတိန်နိုင်ငံရဲ့ မြို့တော်လန်ဒန်အတွက် သယ်ယူပို့ဆောင်ရေးဆိုင်ရာ ၀က်ဘ်ဆိုက်မှာတော့ သူတို့ရဲ့ မြေအောက် ဘူတာတွေရဲ့ သုံးပုံ တပုံလောက်ဟာ လှေကားတက်ဆင်း လုပ်စရာမလိုဘဲ ဝင်ရောက်နိုင်တယ်လို့ ဖော်ပြထားပါတယ်။ 

ဂျာမနီနိုင်ငံရဲ့ မြို့တော်ဘာလင်မှာတော့ မြေအောက်ဘူတာရုံတွေရဲ့ ၈၃ ရာခိုင်နှုန်းဟာ ဘီးတပ်ကုလားထိုင် သုံးသူတွေအတွက် အသုံးပြုနိုင်တယ်လို့ ရထားလုပ်ငန်း ကြီးကြပ်ရေးအဖွဲ့က ဆိုပါတယ်။

ပါရီမြို့တော်ရဲ့ သယ်ယူပို့ဆောင်ရေးအာဏာပိုင်အဖွဲ့ RATPက အိုလံပစ်ပွဲတော်ကို ပြင်သစ် မြို့တော်မှာစတာနဲ့ တပြိုင်နက် ဘီးတပ် ကုလားထိုင် သုံးပြီး သွားလာနိုင်သူ ဦးရေကို တိုးအောင် လုပ်ဖို့ ကတိပြု ထားပေမယ့် ၁၄ ရာခိုင်နှုန်းသာ ကတိပြုထားတာပါ။

ဒါဟာ လွန်ခဲ့တဲ့ နှစ် ၁၀၀ ကျော်က မြို့ကို စပြီး တည်ထောင်တုန်းက အခင်းအကျင်းကြောင့်လို့ အပြစ်တင် ထားပါတယ်။

နွေရာသီအိုလံပစ် ပွဲတော်အတွင်း ဘီးတပ် ကုလားထိုင် သုံးပြီးပွဲကြည့်သူ ဦးရေ ၄၀၀၀ လောက် ရှိမယ်လို့  ပါရီ၂၀၂၄ အိုလံပစ်ပွဲတော် စီစဉ်ရေး ကော်မတီက မျှော်လင့် ထားပါတယ်။

နောက်တလအကြာမှာ ကျင်းပမယ့် မသန်စွမ်း အိုလံပစ်ပွဲတော်ကိုတော့ နောက်ထပ် ဘီးတပ် ကုလားထိုင် သုံးပြီး ပွဲကြည့်သူ အယောက် ၂၆၀၀ ရှိလာမယ်လို့ ခန့်မှန်း ထားပါတယ်။

ဘတ်စ်ကားနဲ့ ဓာတ်ရထားတွေရဲ့ ကျေးဇူးကြောင့် အိုလံပစ်ပွဲ ကျင်းပမယ့် နေရာအားလုံးကို လူတိုင်း ဝင်နိုင်တယ်လို့ RATP ရဲ့ ဒေသဆိုင်ရာ ဒုဥက္ကဌ ဂရီဂွါဒေ လက်စ်ဒေဗီက ပြောပါတယ်။

ဘီးတပ် ကုလားထိုင် သုံးသူတွေကို ပိုပြီး သယ်ယူပို့ဆောင်နိုင်တဲ့ ပြန်ပြင်ထားတဲ့ ဘတ်စ်ကား အစီးရေ ၂၅၀ ကို နေရာချထားဖို့ ကုမ္ပဏီက စီစဉ် ထားတယ်လို့လည်း သူက ပြောခဲ့ပါတယ်။ 

Source/Photo - Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024