ဂါဇာကမ်းမြောင်မှာ သီတင်းတပတ်ကြာ ရပ်နားခဲ့တဲ့ တိုက်ပွဲတွေ ပြန်ဖြစ်ပွားနေချိန်မှာ ဓားစာခံ တဦးရဲ့ ရုပ်အလောင်းကို ဖော်ထုတ်တွေ့ရှိခဲ့ပြီး အောက်တိုဘာ ၇ ရက်က ဟားမတ်စ် သေနတ်သမားတွေ ဖမ်းဆီး ထိန်းသိမ်းခဲ့တဲ့ တခြားသူ ၄ ဦး သေဆုံးခဲ့ကြောင်းကို အတည်ပြုခဲ့ တယ်လို့ အစ္စရေးကာကွယ်ရေးတပ်ဖွဲ့ (IDF) က ဒီဇင်ဘာ ၁ ရက်မှာ ပြောကြားခဲ့ပါတယ်။
ဂါဇာအပြင်ဘက်နားရှိ ရီးမ် စိုက်ပျိုးရေးနယ်မြေရှိ နိုဗာ တေးဂီတပါတီမှာ ဖမ်းဆီးခံခဲ့ရသူတွေထဲမှ တဦးဖြစ်တဲ့ အိုဖှာ ဇာဖှာတီကို အစ္စရေးတပ်ဖွဲ့တွေက မကြာသေးခင်ကပဲ တွေ့ရှိခဲ့ပြီး မှုခင်းဆေး ပညာအရာရှိတွေက နိုဝင်ဘာ ၂၈ ရက်မှာ ဖော်ထုတ်သိရှိခဲ့ကြောင်း စစ်တပ် ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒါ့အပြင် "ယုံကြည်စိတ်ချရတဲ့ ထောက်လှမ်းမှု" ကို အခြေခံပြီးတော့ ဓားစာခံတွေဖြစ်ကြတဲ့ အေလိယာဟု မားဂလစ်ထ်၊ မာယာဂိုရန်၊ ရိုနန် အန်ဂလ် နဲ့ အာရိုင်း ဇာလ်မာနိုဗစ်ချ် တို့ရဲ့ သေဆုံးမှုတွေကိုလည်း သူတို့တွေရဲ့ မိသားစုတွေဆီ အကြောင်းကြားပေးခဲ့တယ်လို့ စစ်ဘက် ပြောရေးဆိုခွင့်ရှိသူ ရေတပ်ဗိုလ်ချုပ်ကြီး ဒယ်နီယယ် ဟာဂါရီ က ပြောကြားခဲ့ပါတယ်။
ဒါ့အပြင် နိုဗာပွဲတော်မှာ အသံပိုင်းဆိုင်ရာ အင်ဂျင်နီယာ တယောက်ဖြစ်တဲ့ ဂိုင် အီလုဇ် အမည်ရှိတဲ့ ဆဋ္ဌမမြောက် ဓားစာခံဟာ ဖမ်းဆီးခံထားရချိန်အတွင်း သေဆုံးသွားတယ်လို့ အတည်ပြုခဲ့ကြောင်း ဓားစာခံမိသားစုတွေကို ကိုယ်စားပြုတဲ့ အဖွဲ့တဖွဲ့က ပြောပါတယ်။
အောက်တိုဘာ ၇ ရက် တိုက်ခိုက်မှုအတွင်း ဓားစာခံ ၂၄၀ လောက် ဖမ်းဆီးခံခဲ့ရပြီး အစ္စရေးနဲ့ နိုင်ငံခြားသား ၁၂၀၀ လောက် သေဆုံးခဲ့ကြောင်း အစ္စရေးအာဏာပိုင်တွေက ပြောကြားခဲ့ပါတယ်။
အစ္စရေးက ဂါဇာကမ်းမြောင်ဒေသကို အပြင်းထန်ဆုံး ဗုံးကြဲတိုက်ခိုက်မှုနဲ့ နယ်မြေထဲ ဝင်ရောက်ကာ မြေပြင်စစ်ပွဲ ဆင်နွှဲမှုတွေနဲ့ လက်တုံ့ပြန်ခဲ့ရာမှာ လူပေါင်း ၁၄၀၀၀ ကျော် သေဆုံးခဲ့ပြီး အဲဒီထဲက ၄၀ ရာခိုင်နှုန်းမှာ အသက် ၁၈ နှစ်အောက်တွေဖြစ်ကြတယ်လို့ ပါလက်စတိုင်း အာဏာပိုင်တွေက ထုတ်ပြန်ထားပါတယ်။
Source/Photo - Reuters