ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့မှာ ဒီဇင်ဘာ ၁ ရက်နေ့က စစ်ကောင်စီနဲ့ TNLA နဲ့ မဟာမိတ် ပူးပေါင်းအဖွဲ့တို့အကြား တိုက်ပွဲပြင်းထန်ပြီး စစ်ကောင်စီဘက်က လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ပြည်သူ ၂ ယောက်သေဆုံး၊ ၄ ယောက် ထက်မနည်း ထိခိုက်ဒဏ်ရာရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဒေသခံအမျိုးသမီးတယောက်က "မနေ့ည ၉ ခွဲဝန်းကျင်။ နမ့်ခမ်း ဟိုကတ်ရပ်ကွက်။ ၄ ယောက်ထိ။ ၁ ယောက်သေဆုံး။ ကောင်းနောင်မိုရပ်ကွက် ခန့်မှန်းခြေ နေအိမ် ၃ အိမ်ထိ။ လူမထိဘူး။ ဟိုကတ်ရပ်ကွက် ပညာရာမကျောင်းလည်း ထိတယ်။ နောင်စန့်ရပ်ကွက်မှာ အိမ် ၂ အိမ်ထိတယ်။ လူမထိဘူး” လို့ ပြောပါတယ်။
ဗုံးက လမ်းဆုံမှာကျတာဖြစ်ပေမယ့် ဗုံးစတွေလွင့်စင်ပြီး ထိခိုက်သူတွေကိုတော့ လူမှုကူညီရေးအသင်းက ကူညီသယ်ဆောင်သွားတယ်လို့ ဆိုပါတယ်။
မနေ့က မနက်ပိုင်း ၈ နာရီကျော်လောက်ကလည်း နမ့်ခမ်းမြို့ ပေါက်လုံရပ်ကွက်နဲ့ ဈေးတန်းရပ်ကွက်မှာ လေယာဉ်နဲ့ဗုံးကြဲခဲ့လို့ နေအိမ်တွေ ထိမှန်ပျက်စီးခဲ့ပြီး ပြည်သူ ၂ ယောက် ထိမှန်တယ်လို့ နောက်ထပ် ဒေသခံတယောက်က ပြောပါတယ်။
"မနေ့က ပေါက်လုံက အဘွားအိုထိပြီး ဆုံးသွားတယ်။ သူ့ရဲ့မြေးက တရုတ်ပြည်ဆေးရုံမှာ ရှိတုန်း” လို့ သူက ပြောပါတယ်။
နမ့်ခမ်းမြို့ခံ ပြည်သူတယောက်ကတော့ အရင်လို အမြန်ငြိမ်းချမ်းစေချင်တယ်လို့ ပြောပါတယ်။
"ဒီလိုမျိုးဖြစ်တာ ၁ လကျော်ကျော် ရှိနေပြီ။ သေတဲ့သူ၊ ထိခိုက်တဲ့အိမ်၊ ဘုရားကျောင်းတွေလည်း အများအပြားရှိခဲ့တယ်။ ငြိမ်းချမ်းရမယ့် နေ့မျှော်နေတယ်” လို့ ပြောပါတယ်။
စစ်ကောင်စီဘက်က နမ့်ခမ်းမြို့ထဲကို ၂ ညဆက်တိုက် ဂျက်ဖိုက်တာနဲ့ ဗုံးကြဲ တိုက်ခိုက်ခဲ့တာပါ။