တိုက်ပွဲတွေပြင်းထန်နေတာကြောင့် ၁ လနီးပါးပိတ်နေခဲ့တဲ့ ကလေးဝ-မဟာမြိုင်လမ်းကို ဒီဇင်ဘာ ၁ ရက်နေ့ ညနေပိုင်းမှာ ဒေသခံကာကွယ်ရေးတပ်ဘက်က ပြန်လည် ဖွင့်ပေးလိုက်ပြီလို့ ကုန်တင်ယာဉ်လိုင်းတွေဆီက သိရပါတယ်။
ကုန်တင်ယာဉ်လိုင်းအသင်းနဲ့ နီးစပ်သူတယောက်က “ကားအသေး စိုးမိုးသူကားတွေတော့ မနေ့ကတည်းက စဝင်ခဲ့ပြီ။ ကျန်တဲ့ကားတွေလည်း အားလုံးလွှတ်ပေးမယ်လို့ ပြောတယ်။ အခုတော့ ပိတ်မိနေတဲ့ကား တွေကိုပဲ လွှတ်ပေးသေးတာ။ နောက်ထပ် ပြန်ပြေးလို့ ရ၊ မရ သေချာမသိရသေးဘူး” လို့ ပြောပါတယ်။
အောက်တိုဘာ ၆ ရက်နေ့ကတည်းက ကလေးဝ-မဟာမြိုင်လမ်းပေါ်မှာ စစ်ကောင်စီတပ်နဲ့ ဒေသခံ ကာကွယ်ရေးတပ်တွေကြား တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီး ဒေသခံ ကာကွယ်ရေးတပ်ဘက်က လမ်းကြောကို ပိတ်ထားခဲ့တာပါ။
အဲဒီ ကားလမ်းမှာ ကားအစီးရေ ရာချီပိတ်မိနေခဲ့ပြီး ကားလမ်းပိတ်နေတာကြောင့် ကလေးမြို့မှာ စက်သုံးဆီနဲ့ ကုန်ပစ္စည်းတွေ ပြတ်လပ်ပြီး ဒေသခံတွေ အခက်တွေ့ခဲ့ ရပါသေးတယ်။
ကလေးမြို့ကဒေသခံတယောက်က “ဓာတ်ဆီကားတွေတော့ မြို့ထဲပြန်ဝင်လာပြီ။ မဟာမြိုင်လမ်းက မပွင့်တော့ ဆီဈေးက ၅ သောင်းနီးပါးကို ရောက်ခဲ့သေးတာ။ မဟာမြိုင်လမ်းပွင့်မှ ကလေးမြို့က အဆင်ပြေမှာ” လို့ ပြောပါတယ်။
ကလေးမြို့ကနေ မြန်မာပြည်အောက်ပိုင်းဘက်ကိုသွားတဲ့ ကလေး-ဂန့်ဂေါ လမ်းကြော ပိတ်နေတာ ၂ နှစ်ကြာမြင့်နေပြီဖြစ်တာကြောင့် ကလေးမြို့၊ တမူးမြို့နဲ့ ကလေးဝမြို့က ဒေသခံတွေဟာ ကုန်စည်ဆက်သွယ်ကူးသန်းရောင်းဝယ်ရေးနဲ့ ခရီးသွားလာရေးပိုင်းမှာ ကလေးဝ-မဟာမြိုင်လမ်းကို အဓိက ဦးစားပေး အသုံးပြုနေရတာလည်း ဖြစ်ပါတယ်။