ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်မှာ ဒီဇင်ဘာ ၁ ရက် ညနေပိုင်းက စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့လို့ အမျိုးသမီးတယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
အမ်းမြို့နယ် ကဇုကိုင်းတောဟိန်းတောင်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေက မနေ့ ညနေ ၄ နာရီလောက်မှာ လက်နက်ကြီးနဲ့ပစ်ခတ်ခဲ့လို့ ဒါးလက်ချောင်းရွာဟောင်းက ဥယျာဥ်ခြံတခုမှာ ကျရောက်ပေါက်ကွဲခဲ့တယ်လို့ ဒေသခံတယောက်က ပြောပါတယ်။
အဲဒီလက်နက်ကြီး ကျည်စဟာ ဒါးလက်ရွာဟောင်းက အသက် ၄၀ အရွယ် ဒေါ်ဌေးဌေးကို ထိမှန်ကာ လက်မောင်းနဲ့ တင်ပါးမှာ ဒဏ်ရာတွေရရှိခဲ့လို့ ဆေးဝါးကုသမှုခံယူနေရတယ်လို့ ဆိုပါတယ်။
အမ်းမြို့နယ်မှာ နိုဝင်ဘာ ၂၈ရက် နေ့လယ်ကလည်း စစ်ကောင်စီတပ်က ထောင်ထားတဲ့ မိုင်းကိုနင်းမိပြီး ကလေးငယ်တယောက်သေဆုံးကာ မိခင်ဖြစ်သူဒဏ်ရာရရှိခဲ့ပါတယ်။
ရခိုင်ပြည်နယ်မှာ နိုဝင်ဘာ ၁၃ ရက် မနက်ပိုင်းက တကျော့ပြန်တိုက်ပွဲတွေ ပြန်လည် စတင်ပြီးနောက်ပိုင်း ရသေ့တောင်၊ စစ်တွေ၊ ပေါက်တော၊ ဘူးသီးတောင်၊ မောင်တော၊ ကျောက်တော်၊ မင်းပြား၊ မြေပုံ၊ မြောက်ဦး၊ ပုဏ္ဏားကျွန်းမြို့ရှိ စစ်ကောင်စီတပ်တွေက လက်နက်ကြီးတွေနဲ့ နေ့ရောညပါ ပစ်ခတ်နေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။