ရှမ်းပြည်မြောက်ပိုင်း၊ မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့ပေါ်မှာ ဒီဇင်ဘာ ၁ ရက် မနက် ၈ နာရီလောက်က စစ်ကောင်စီတပ်ဘက်က လေယာဉ်နဲ့လာပစ်ရာမှာ နေအိမ် ၈ လုံးထက် မနည်း ပျက်စီးပြီး သေဆုံးဒဏ်ရာရသူတွေ ရှိခဲ့ပါတယ်။
မနေ့ညနဲ့ ဒီနေ့မနက်မှာ TNLA တပ်ဘက်က စစ်ကောင်စီရဲ့ စခန်းသစ်ကုန်းကို ဒရုန်းတွေနဲ့ ပစ်ခဲ့ပြီး စစ်ကောင်စီဘက်ကလည်း လေယာဉ်နဲ့ ပြန်လာပစ်ကြောင်း၊ မြူနှင်းတွေကျနေလို့ လေယာဉ်ကိုမမြင်ရဘဲ အသံသာကြားရပြီး လက်နက်ကြီးသံ ၁၀ ကြိမ်ထက်မနည်း ကြားရကာ ပေါက်လုံရပ်ကွက်နဲ့ နမ့်ခမ်းဖောင်ရပ်ကွက်တွင်း ထိခိုက်သေဆုံးမှု၊ နေအိမ်ပျက်စီးမှုတွေ ရှိခဲ့တာလို့ နမ့်ခမ်းဒေသခံတဦးက ဒီဗွီဘီကို ပြောပါတယ်။
“ဒီကနေ့မနက် ၈ နာရီကျော်လောက်က လက်နက်ကြီးတွေ ကျလာပါတယ်ခင်ဗျ။ လေယာဉ်ပေါ်ကနေ ပစ်ချတာလည်းရှိတယ်၊ TNLA က လေယာဉ်ကို ပြန်ပစ်တာ မထိဘဲနဲ့ ရပ်ကွက်ထဲ ပြန်ကျလာတယ်လို့လည်း ပြောနေကြတယ်။ ပေါက်လုံရပ်ကွက်ထဲမှာ နေအိမ် ၅ လုံး ထိခိုက်ပျက်စီးပြီး နမ့်ခမ်းဖောင်ရပ်ကွက်ထဲမှာ ၁ လုံး၊ ဟိုနောင်ရပ်ကွက်မှာ ၂ လုံး ထိခိုက်ပျက်စီးတယ်။ အထက ၃ စာသင်ကျောင်းဆရာမတွေ နေတဲ့အိမ် ထိတယ်၊ အဘွားတယောက် ခေါင်းထိသွားလို့ ပွဲချင်းပြီး သေဆုံးပြီး သူ့မြေးက မျက်နှာနဲ့ လက်မှာ ဒဏ်ရာရတယ်။ အခု တရုတ်ဘက်ခြမ်းက ဆေးရုံကို ခေါ်သွားပြီ။”
လက်နက်ကြီးထိလို့ သေဆုံးတဲ့အဘွားမှာ အသက် ၇၈ နှစ်ရွယ်ရှိ နိုင်းမိုင်ခမ်းဖြစ်ပြီး ဒဏ်ရာရတဲ့ မြေးကတော့ အသက် ၂၇ နှစ်ရှိ စိုင်းအေမိုင်းလို့ ဆိုပါတယ်။ နောက် အမျိုးသမီးတဦးမှာ ပေါက်နေရပ်ကွက်မှာ နေထိုင်ပေမဲ့ ပေါက်လုံရပ်ကွက်ထဲကို အလှူလုပ်ဖို့ သင်္ကန်းလာဝယ်စဉ် လက်နက်ကြီးထိပြီး ဒဏ်ရာရသွားကြောင်း၊ ကျန် ၂ ယောက်ကတော့ ဘယ်သူဘယ်ဝါဆိုတာ မသိသေးဘူးလို့ ဒေသခံက ပြောပါတယ်။
TNLA တအာင်းအမျိုးသားတပ်မတော်ဟာ နမ့်ခမ်းရဲစခန်း၊ မြို့နယ်ရုံးတွေကို သိမ်းဆည်းခဲ့ပြီး နောက်ထပ် စစ်ကောင်စီရဲ့ အဓိကကျတဲ့ စခန်းသစ်ကုန်းကို သိမ်းပိုက်ဖို့ အကြိမ်ကြိမ်ကြိုးစားစဉ် နှစ်ဖက် တိုက်ပွဲပြင်းထန်ကာ တောင်ကုန်းအနီးတဝိုက် ရပ်ကွက်နဲ့ ကျေးရွာထဲရော မြို့ထဲမှာပါ လက်နက်ကြီးကျလို့ နေအိမ်တွေ မီးလောင်ပျက်စီးပြီး သေဆုံးဒဏ်ရာရသူတွေ ရှိခဲ့ပါတယ်။
Photo-နမ့်ခမ်းဒေသခံ