Home
မြန်မာသတင်း
လားရှိုး - သီပေါ ကားလမ်းမပေါ်က စဉ့်အင်တံတား ဖောက်ခွဲခံရပြီး ကျိုးကျ
DVB
·
December 2, 2023
bridge 2122023

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုး - သီပေါ ကားလမ်းမပေါ်က စဉ့်အင်တံတား ဒီဇင်ဘာ ၁ ရက် ညနေပိုင်းက ဖောက်ခွဲခံရပြီး ကျိုးကျသွားကြောင်း ဒေသခံတွေက ပြောပါတယ်။

ဒေသခံ တစ်ဦးက "ညနေပိုင်း ဖောက်ခွဲလိုက်တာလို့ သိရပါတယ်။ ကျိုးသွားပါပြီ" လို့ ပြောပါတယ်။

မနေ့ မနက်ပိုင်းတုန်းက စဉ့်အင်တံတားရဲ့  ရထားလမ်းဘက်က တံတားကျိုးသွားပေမဲ့ ကားလမ်းတံတားကတော့ မကျိုး‌သေးဘဲ ပေါက်သွားပြီး အပေါက်တွေ ပြန်ဖို့ထားကာ သွားလာလို့ ရလို့ ကား၊ ဆိုင်ကယ်တွေကို ပေးဖြတ်ပေမယ့်   နေ့လယ်ပိုင်းကစ ပိတ်ထားတယ်လို့ ဆိုပါတယ်။

ခရီးသွား ပြည်သူ ၁ ဦးက "တံတားက ညနေက ကျိုးပြီ။ ဖောက်ခွဲလို့ ဟုတ် မဟုတ် မသိဘူး။  ညီမတို့ သွားတုန်းက  လက်နက်ကြီးတွေနဲ့ အဲတံတားဘက်မှာ ချနေတာ ဆိုတော့ လက်နက်ကြီးတွေ ကြောင့်လည်း ဖြစ်လိမ့်မယ့်။ တံတားကတော့ ကျိုးသွားပြီ အခုတော့။လို့ ပြောပါတယ်။

မနက်ပိုင်းကတော့ တံတားမကျိုးပေမယ့် TNLA တပ်ဖွဲ့တွေ စောင့်နေပြီး ဖြတ်သန်းခွင့်ပိတ်ထားလို့နောက်ကြောင်း ပြန်လှည့်ခဲ့တာလို့  ခရီးသွားက  ပြောပါတယ်။

သီပေါဒေသခံ တစ်ဦးကတော့ နိုဝင်ဘာ ၃၀ ရက်ညကစ ဒီဇင်ဘာ ၁ ရက် မနက်ထိ စစ်ကောင်စီနဲ့ TNLA နဲ့ ပူးပေါင်းအဖွဲ့ တို့အကြား တိုက်ပွဲ ပြင်းထန်နေပြီး စဉ့်အင်ရွာ တစ်ရွာလုံး တိုက်ပွဲ လွတ်ရာ ရှောင်နေကြရကာ နေ့ခင်းပိုင်းက တိုက်ပွဲဖြစ်နေတဲ့ စဉ့်အင်တံတားဘက် သီပေါကနေ စစ်ကား အများအပြား တက်သွားတာတွေ့တယ်လို့ ပြောပါတယ်။

မြောက်ပိုင်း မဟာမိတ်အဖွဲ့‌တွေရဲ့ ၁၀၂၇ စစ်ဆင်ရေး ကာလအတွင်း ရှမ်းပြည်နယ် မြောက်ပိုင်းက ဟိုပန်တံတား၊ ကျောက်မဲနဲ့ သီပေါကြားက ကျင်သီတံတား၊ သိန္နီနဲ့ လားရှိုး ကြားက နမ္မတူချောင်းတံတားနဲ့ မိုင်းလီရွာ အနီးက ပန်ဖတ်ရွာတံတားတွေ ဖျက်ဆီးခံခဲ့ရပြီး အဲဒီလမ်းကြောတွေမှာ ပို့ဆောင် ဆက်သွယ်ရေး ခက်ခဲ ပြတ်တောက်နေပါတယ်။

နိုဝင်ဘာ ၂၉ ရက်ကလည်း အထူးဒေသ(၁) မူပန်(သိန္နီ)ခရိုင်လုံခြုံရေးတပ်ဖွဲ့က လားရှိုးနဲ့ မူပန်(သိန္နီ)ဆက်သွယ်ထားတဲ့ တံတားကို ဖြတ်တောက်လိုက်တယ်လို့ ကိုးကန့်သတင်းဌာနက ထုတ်ပြန်ထားပါတယ်။

မဟာမိတ်တပ်ပေါင်းစုက စစ်ကောင်စီတပ်စခန်းအကြီး အသေး စုစုပေါင်း ၁၈၆ ခု သိမ်းပိုက်နိုင်ခဲ့ပြီး ချင်း‌ရွှေဟော်၊ မုံးကိုး၊ ကွမ်းလုံ၊ ပန်ဆိုင်းနဲ့ ကုန်းကြမ်း မြို့နယ် ၅ ခု ကိုသိမ်းပိုက်ရရှိခဲ့ပါတယ်။

ဒါ့အပြင် ချင်းရွှေ‌ဟော်၊ မုံးကိုး၊ ပန်ဆိုင်းနဲ့ ကျင်စန်းကျော့ နေရာရှိ နယ်စပ်ဂိတ် ၄ ခုကိုလည်း သိမ်းပိုက်ထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024