ချင်းပြည်နယ်၊ မတူပီမြို့နယ်၊ ရေဇွာမြို့သိမ်းတိုက်ပွဲမှာ လက်နက်ခဲယမ်း အမြောက်အမြားနဲ့ စစ်သုံ့ပန်း ၃၉ ဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ CDF-Zotung အဖွဲ့ထံက သိရပါတယ်။
နိုဝင်ဘာ ၂၉ ရက် မနက် ၁၀ နာရီမှာ ရေဇွာမြို့က စစ်ကောင်စီစခန်းအားလုံးကို ချင်းကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက သိမ်းပိုက်ခဲ့ပြီး ရေဇွာမြို့ကို ထိန်းချုပ်နိုင်ခဲ့တာ ဖြစ်ပါတယ်။
တိုက်ပွဲအတွင်း စစ်သုံ့ပန်းအဖြစ် စစ်ကောင်စီတပ်သားတွေနဲ့ ၁၀ နှစ်အောက်ကလေး ၃ ယောက်၊ မိခင် ၂ ဦး အပါအဝင် ၃၉ ဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ CDF-Zotung တာဝန်ရှိသူတွေထံက သိရပါတယ်။
ရေဇွာမြို့သိမ်းတိုက်ပွဲမှာ CDF-ဇိုတုန်၊ CDF-မရာ၊ CDF-လောက်တူ၊ ချင်းအမျိုးသားတပ်ဦး CNF အဖွဲ့တွေက ကာကွယ်ရေးရဲဘော် ၄ ဦး ကျဆုံးခဲ့ပါတယ်။
CDF-Zotung ပြောရေးဆိုခွင့်ရှိသူ စလိုင်းဒန်နီက “တိုက်ပွဲအတွင်း စကစဘက်က သေတာက ၄ ယောက်၊ သုံ့ပန်းက ဆယ်နှစ်အောက် ကလေး ၃ ယောက်နဲ့ မိခင် ၂ ယောက် အပါအဝင် ၃၉ ယောက်ပါ။ သူတို့ကို နယ်စပ် လုံခြုံတဲ့နေရာ အကုန်ပို့ပေးပါပြီ” လို့ ဒီဗွီဘီကို ပြောပါတယ်။
ရေဇွာမြို့သိမ်းတိုက်ပွဲကို ZZMLS Operation လို့ အမည်ပေးထားကာ နိုဝင်ဘာ ၂၈ ရက်ကစတင်ခဲ့ပြီး ZZMLS ညီနောင်များနဲ့အတူ ချင်းအမျိုးသားတပ်ဦး (CNA/CNF) တို့က ပူးပေါင်းတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။