သိမ်းပိုက်ထားတဲ့ တရုတ်-မြန်မာနယ်စပ်ရှိ ပန်ဆိုင်းမြို့ကို ကိုးကန့်တပ်ဖွဲ့အုပ်ချုပ်ရေး ဒီနေ့ကစပြီး ပြန်လည်ပတ်နေပြီလို့ ကိုးကန့်တပ်ဖွဲ့ပြောခွင့်ရ လီကျားဝင်းက ဒီဗွီဘီကို ပြောပါတယ်။
နိုဝင်ဘာ ၂၈ ရက် မနက်ပိုင်းက ရှမ်းပြည်နယ်အထူးဒေသ-၁ မုံးကိုးခရိုင်၊ မိုင်းပေါ်ဒေသ၊ ပန်ဆိုင်းမြို့ အုပ်ချုပ်ရေးအဖွဲ့ ပြန်လည်ဖွဲ့စည်းထူထောင်ရေး အစည်းအဝေးကို အုပ်ချုပ်ရေးရုံးမှာ ကျင်းပခဲ့ပြီး ပန်ဆိုင်းမြို့ အုပ်ချုပ်ရေးအဖွဲ့ကို ပြန်လည်ဖွဲ့စည်းထူထောင်လိုက်ကြောင်း ကြေညာလိုက်တာပါ။
“ဟုတ်ကဲ့။ ဒီ ပန်ဆိုင်းမြို့ကို မုံးကိုးခရိုင် ခေါင်းဆောင်တွေ သွားရောက်ပြီး အစည်းအဝေး ကျင်းပခဲ့တယ်။ ပြန်လည်ထူထောင်ရေးအတွက် လုပ်ငန်းစဉ်တွေလည်း ချမှတ်ခဲ့တာတွေ ရှိတယ်။ လုပ်ငန်းကတော့ စပြီလို့ ပြောလို့ရတယ်ပေါ့နော်၊ ဒီနေ့မှာဆိုရင်” လို့ လီကျားဝင်းက ပြောပါတယ်။
ပန်ဆိုင်းမြို့ အုပ်ချုပ်ရေးအဖွဲ့ကို ပြန်လည်ဖွဲ့စည်းထူထောင်လိုက်ကြောင်း ကြေညာပြီးနောက် သက်ဆိုင်ရာပုဂ္ဂိုလ်ရဲ့ ရာထူးခန့်အပ်မှုနဲ့ တာဝန်ခွဲဝေမှုတွေကို ညွှန်ကြားခဲ့ကြောင်း ဆိုပါတယ်။
ဒါ့အပြင် ပြည်သူတွေ သူတို့ရဲ့လုပ်ငန်းခွင်တွေကို ပြန်လည်ဝင်ရောက်စေဖို့နဲ့ ထုတ်လုပ်မှုတွေ၊ စာသင်ကျောင်းတွေ ပြန်လည်စတင်ပြီး ကလေးသူငယ်တွေကို စာသင်ကျောင်းကို အမြန်ဆုံး ပြန်ရောက်စေဖို့ ရည်မှန်းချက်တွေ ချမှတ်ခဲ့ကြောင်း ကိုးကန့်တပ်ဖွဲ့ရဲ့ သတင်းမီဒီယာဖြစ်တဲ့ The KongKang မှာ ဖော်ပြထားပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာ ၂၇ ရက်က ညီနောင်မဟာမိတ် ၃ ဖွဲ့ရဲ့ ရှမ်းပြည်မြောက်ပိုင်းမှာ စတင်လိုက်တဲ့ စစ်ဆင်ရေးဟာ တလကျော်လာပြီး လက်ရှိမှာတော့ ကိုးကန့်တပ်ဖွဲ့ MNDAA ရဲ့ စစ်ဆင်ရေး လှုပ်ရှားနယ်မြေဖြစ်တဲ့ ကိုးကန့်ခရိုင်အတွင်းမှာ ၇၀ ရာခိုင်နှုန်းလောက်ကို နယ်မြေစိုးမိုး သိမ်းပိုက်နိုင်ခဲ့ကြောင်း ကိုးကန့်တပ်ဖွဲ့က ပြောပါတယ်။
လက်ရှိမှာ ကွမ်းလုံ၊ ချင်းရွှေဟော်၊ မုံးကိုး၊ ဖောင်းဆိုင်၊ နန့်ခမ်းမြို့တွေအပြင် လောက်ကိုင်နားက ပါစင်ကျော်ရွာကိုလည်း သိမ်းပိုက်ထားတယ်လို့ ဆိုပါတယ်။ ဒီသိမ်းပိုက်ထားတဲ့ နယ်မြေတွေမှာ Non CDM ဝန်ထမ်းတွေ မရှိတော့ပါဘူး။