Home
ဆောင်းပါး
ပြန်ဝန်ဟောင်း ဦးရဲထွဋ်ကို နိုင်ကျဉ်းလို့ သတ်မှတ်မှာလား
DVB
·
November 30, 2023
Article_MgBaNyo_30112023

နေဝင်းခေတ်၊ သန်းရွှေခေတ်၊ သိန်းစိန်ခေတ်တွေတုန်းက နိုင်ငံရေးနဲ့ထောင်ကျပြီး ထောင်ကထွက်လာတဲ့သူတွေကို အရပ်ထဲမှာတော့ ကြောက်စရာသတ္တဝါတကောင်လို ဆက်ဆံခံခဲ့ရပါတယ်။ ဘယ်သူမှ မဆက်ဆံရဲသလို သားသမီးတွေလည်း ကျောင်းမှာ အနှိမ်ခံခဲ့ရပါတယ်။

အဲ့ဒီအချိန်တွေတုန်းကလည်း စအဖမ်းခံရပြီး စစ်ကြောရေးမှာပဲ အပေးအယူတည့်ပြီး ပြန်လွတ်လာသူတွေရှိသလို ထောင်ထဲရောက်သွားပြီးမှ နောက်မလုပ်တော့ပါဘူးဆိုပြီး ခံဝန်လုပ် ပြန်လွတ်လာသူတွေလည်း ရှိပါတယ်။ အဲ့ဒီလိုလူတွေကို နိုင်ငံရေးအကျဉ်းသားဟောင်းလို့ မသတ်မှတ်ကြပါဘူး။ အဲ့ဒီအချိန်တုန်းကလည်း အဲ့လူတွေက သူတို့ကိုယ်သူတို့ ထောင်ထွက် နိုင်ကျဉ်းလို့ သူတို့ကိုသတ်မှတ်မှာကို စိုးရိမ်နေကြတာ။

အဲ့ဒါက နေဝင်း၊ သန်းရွှေ၊ သိန်းစိန်ခေတ်ပေါ့။ သိန်းစိန် အစိုးရလက်ထက်မှာ ICRC အဖွဲ့က ထောင်တွေကို ဝင်ခွင့်ရတော့ ICRC အဖွဲ့နဲ့ နိုင်ငံရေးအကျဉ်းသားတွေနဲ့တွေ့တော့ သူတို့က နိုင်ငံရေးအကျဉ်းသားဆိုတာ မြန်မာပြည်ကထောင်‌တွေမှာ မရှိဘူးဆိုတာကို သိန်းစိန်အစိုးရနဲ့ သဘောတူထားလို့ ထောင်‌တွေကို ဝင်ခွင့်ရတာ။ နိုင်ကျဉ်းတွေကလည်း နိုင်ငံရေးအကျဉ်းသားလို့ အသိအမှတ်မပြုရင် ICRC ကိုလည်း လက်မခံဘူး ဘာညာပေါ့၊ နောက်ဆုံးတော့ ယုံကြည်ချက်အကျဉ်းသားဆိုပြီး ညှိလို့ရခဲ့တာပေါ့။

ယုံကြည်ချက်အကျဉ်းသား

အဲ့ဒီအချိန်တုန်းက အများစုက ပုဒ်မ ၅-ည အရေးပေါ်အက်ဥပဒေလို့ စစ်အစိုးရတွေက သုံးတယ်။ ဒါပေမဲ့ အဲ့ဒီအချိန်ကတည်းကပဲ စစ်အစိုးရတွေကို ဘယ်လိုပဲ တော်လှန်လှန်၊ လက်နက်ကိုင်တိုက်ပွဲဝင်တာ၊ ဗုံးထောင်တာ၊ လှုံ့ဆော်တာ၊ စာရွက်ဝေတာ၊ စာရွက်ကပ်တာ အကုန်လုံးက တချို့ပုဒ်မတွေသာ ပြောင်းသွားတာ၊ အားလုံးက နိုင်ငံရေးအကျဉ်းသားပဲလို့ သတ်မှတ်ကြပါတယ်။

အဲ့ဒီအထဲမှာမှ မှားယွင်းပြီး နိုင်ငံရေးပုဒ်မနဲ့ အဖမ်းခံရသူတွေ၊ သူများလုပ်ကြံခံရပြီး နိုင်ငံရေးပုဒ်မနဲ့ ထောင်ထဲရောက်သူတွေ၊ ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည် လမ်းထဲကိုလာလို့ ကျန်းမာပါစေ အော်လိုက်လို့ ပုဒ်မ ၅-ည နဲ့ ထောင် ၇ နှစ် ကျလာသူတွေ၊ တောထဲကလာသူကို မသိလို့ အိမ်ငှားမိသူတွေ၊ တောထဲကလာသူက လိပ်စာမေးလို့ လမ်းညွှန်လိုက်မိတာကြောင့် အဲ့ဒီလူတွေအားလုံး ၅-ည ထောင် ၃ နှစ်၊ ၇ နှစ်တွေပဲ။ ဒါ့အပြင် မှတ်ပုံတင်မှာပါတဲ့ ကိုယ့်နာမည်ကို အနုပညာ အလုပ်လုပ်တော့ အနုပညာနာမည်အနေနဲ့ ကိုယ့်နာမည်ရဲ့ နောက်ဆုံးမှာ စာလုံးတလုံးတိုးလိုက်တာကြောင့် Immigration Act နဲ့ ထောင် ၃  နှစ် ချခံထားရသူတွေ၊ အားလုံးက ပုဒ်မတွေသာ ခွဲအတပ်ခံရပေမဲ့ အားလုံးက နိုင်ငံရေးအကျဉ်းသားတွေလို့ သတ်မှတ်ကြပါတယ်။ ICRC နဲ့ အဆင်ပြေရေးအတွက် ယုံကြည်ချက်အကျဉ်းသားဆိုပြီး ICRC ရဲ့ မှတ်တမ်းမှာ ရေးထိုးခံဖို့ သဘောတူခဲ့ကြပါတော့တယ်။ ဒါပေမဲ့ ထောင်တွေက စာရင်းမှာတော့ ထောင်ကျ အကျဉ်းသားပါပဲ။

ဘာသာရေး (၅ ည)

အရင်က ၅-ည ဆိုတာက နိုင်ငံရေးသမားတွေကို ထောင်ချချင်လို့တပ်တဲ့ ပုဒ်မထင်တာ၊ နောက်တော့ ဘာသာရေး ၅-ည တွေလည်း ထောင်ထဲရောက်လာပါရော။ ကိုယ်တွေ မီသလောက်ကို ပြောရရင် ကိုယ်တွေထက် အရင်ရောက်နေတဲ့ မိုးပြာဆရာတော် ဘုန်းကြီး ဦးဉာဏ၊ သူ့ကို စစ်အစိုးရကလည်း ပုဒ်မ ၅-ည တပ်ထားတယ်။ သူက ပစ္စုပ္ပန်ကံမဝါဒကို တည်ထောင်လို့ဆိုပြီး သကင်္န်းဝတ်ခွင့်မပြုတော့တာကြောင့် အပြာရောင်သင်္ကန်းကိုဝတ်ပြီး ထောင်ကျခံလိုက်ရတယ်။

နောက်ထပ် ခရစ်ယာန်ဘာသာဝင် ၆ ယောက် အင်းစိန်ထောင်ထဲကို ရောက်လာတယ်။ သူတို့ကလည်း ဘာသာရေး ၅-ည တွေ၊ သူတို့ဖြစ်စဉ်က သူတို့အထဲက ပေါလုဆိုတဲ့ လူငယ်တယောက်က ဗုဒ္ဓဘာသာဝင်တယောက်ဖြစ်ပြီး ရောဂါတခုနဲ့ သေဆုံးသွားတယ်။ ထုံးစံအတိုင်း ၃ ရက်ထားပြီး သင်္ဂြိုဟ်ခါနီးကို သရဏဂုံတင်တဲ့အချိန်မှာ အသက်ပြန်ရှင်လာပြီး သူက တမလွန်မှာ ခရစ်ယာန်ဘာသာဝင် ဖြစ်လာခဲ့ရတဲ့ သူတွေ့ကြုံခဲ့တဲ့ အကြောင်းတွေကို ဟောပြောနေခဲ့တာကြောင့် သူနဲ့အတူ သူ့ဟောကြားချက်တွေကို ဖြန့်ဝေတဲ့သူတွေကိုလည်း ဘာသာရေး ၅-ည နဲ့ ထောင်ထဲပို့လိုက်တာ။

အဲ့ဒီအချိန်က ၁၉၉၇ ခုနှစ်ထဲမှာပါပဲ။ အဲ့ဒီတုန်းကတော့ သိပ်ပြဿနာ မရှိပါဘူး။ သူတို့ကိုလည်း နိုင်ငံရေးအကျဉ်းသားလို့ သတ်မှတ်မှာလား၊ မသတ်မှတ်ဘူးလား ဆိုတာလည်း သိပ်ပြီး အငြင်းမပွားကြပါဘူး။

သက္ကရာဇ် ၂၀၀၀ မှာ ICRC ထောင်တွေကို ဝင်ခွင့်ရတော့ နိုင်ငံရေးအကျဉ်းသားတွေကို ယုံကြည်ချက်အကျဉ်းသားလို့ သတ်မှတ်တော့ ဘာသာရေး ၅-ည တွေလည်း သူတို့ယုံကြည်ရာကို ယုံကြည်တဲ့အတိုင်း ဖော်ထုတ်ခဲ့လို့ ယုံကြည်ချက်အကျဉ်းသားလို့ပဲဆိုပြီး ပြဿနာမရှိခဲ့ပေဘူး။

နောက်တော့ တောင်ငူ ဘာသာရေးပဋိပက္ခမှာ လက်တုံ့ပြန်တဲ့ အစ္စလာမ်ဘာသာဝင်တွေ အများကြီး အဖမ်းခံခဲ့ရသေးတယ်။ သူတို့လည်း ထောင်ထဲရောက်လာကြတယ်။ သူတို့ကတော့ အဖမ်းခံခဲ့ရတဲ့ အချိန်တုန်းက ရဲနဲ့ MI ထောက်လှမ်းရေး စစ်ကြောရေးတွေမှာ ဘာသာခြားမလို့ ‌အသေအကျေ အရိုက်အနှက် ခံခဲ့ရပြီး ထောင်ထဲမှာလည်း အနှိမ်ခံခဲ့ရတယ်။ တခြားဘာသာခြားတွေရဲ့ ကြားမှာ အသက်တောင် ဝံ့ဝံ့မရှူရဲလောက်အောင် ကြောက်ရွံ့နေကြရတာ။ ထောင်ထဲမှာ လူတိုင်းကို ကြောက်နေရသလို အားလုံးရဲ့ အနိုင်ကျင့်ခြင်းကို ခံ‌ခဲ့ရပါတယ်။ ဒါပေမဲ့ အဲ့ဒီအချိန်တုန်းက သူတို့ကိုလည်း ဘယ်သူကမှ နိုင်ကျဉ်းလို့ မသတ်မှတ်ခဲ့ကြပါဘူး။ သူတို့ကလည်း မတောင်းဆိုခဲ့ပါဘူး။

နောက်တော့ စစ်အစိုးရနဲ့ အဆင်မပြေတော့လို့ ထောင်ထဲရောက်လာခဲ့တဲ့ ဗိုလ်ခင်ညွန့် ဦးဆောင်တဲ့ MI ထောက်လှမ်းရေးအဖွဲ့ ၂၀၀၃ မှာ ထောင်ထဲရောက်လာကြတော့ သူတို့ကိုတော့ နိုင်ကျဉ်းလို့ မသတ်မှတ်ကြဖို့ တကယ် နိုင်ငံရေးအမှုတွေနဲ့ ထောင်ကျထားတဲ့သူတွေက သဘောတူခဲ့ကြပါတယ်။ သူတို့ဘက်ကလည်း မတောင်းဆိုရဲကြပေမဲ့ ဘေးမှာတော့ ပြောကြပါတယ်။ သူတို့က လက်ရှိ စစ်အစိုးရကို အာဏာလုဖို့လုပ်ရင်း ထောင်ကျသယောင် ပြောတာကိုတော့ ပြန်ကြားခဲ့ဖူးပါတယ်။

NLD အစိုးရကို ဆန့်ကျင်လို့ ထောင်ကျလာသူတွေကို နိုင်ကျဉ်းတွေလို့ သတ်မှတ်မှာလား

အရင် စစ်အာဏာရှင်လက်ထက်တွေတုန်းက နိုင်ငံရေးအကျဉ်းသားဆိုရင် အရပ်ထဲနဲ့ ကျောင်းတွေမှာ အနှိမ်ခံ၊ အဖက်မလုပ်ချင်ကြတာ၊ လူရာမသွင်းခံရတာတွေက NLD အစိုးရ လက်ထက်မှာတော့ ပြောင်းလဲသွားပါတယ်။ NLD အမတ်တွေထဲမှာလည်း နိုင်ကျဉ်း ထောင်ထွက်တွေ ပါလာသလို တခြား စာပေနယ်၊ သတင်းစာဆရာ စတဲ့နေရာတွေမှာလည်း နိုင်ကျဉ်းထောင်ထွက်တွေ ထွက်ပေါ်လာခဲ့ပါတယ်။ အဲ့ဒီအချိန်ကျမှ သူလည်း နိုင်ကျဉ်း၊ ငါလည်း နိုင်ကျဉ်း ဆိုတာတွေ ထွက်ပေါ်လာခဲ့ရုံတင် မကပါဘူး။ အချုပ်နဲ့ ပြန်လွတ်သူတွေကလည်း နိုင်ချုပ် ဆိုတာမျိုးတွေအထိပါ ပေါ်လာခဲ့တာပေါ့။

ဒါပေမဲ့ အဲ့ဒီအချိန်တုန်းက NLD အစိုးရကလည်း နိုင်ငံ‌ရေးအကျဉ်းသားဆိုတဲ့ ဝေါဟာရကို အသိအမှတ် မပြုခဲ့ပါဘူး။ ဒါပေမဲ့လည်း နိုင်ကျဉ်းဆိုတာ ဂုဏ်ရှိတယ်ဆိုပြီး NLD အစိုးရက အသိအမှတ်ပြုပြု မပြုပြု ကိုယ်လုပ်စရာရှိတာ ကိုယ်လုပ်ပြီး ကျေနပ် ဂုဏ်ယူခဲ့ကြပါတယ်။

ထောင်ကျ မဘသများ

အဲ့ဒီအချိန်မှာပဲ NLD အစိုးရကို ဆန့်ကျင်တာ၊ လူမျိုး‌ရေး၊ ဘာသာရေး ခွဲခြားပြီး အမုန်းပွားအောင် ပဋိပက္ခဖြစ်အောင် လှုံ့ဆော်တာတွေကြောင့် ထောင်ကျလာသူတွေလည်း ရှိပါတယ်။ အဲ့ဒီအထဲမှာ ဘူးလက်လှဆွေ၊ ဦးဝီရသူတို့ အပါအဝင် တခြားဘုန်းကြီးတွေပါသလို အရပ်သား မျိုးချစ်အဖွဲ့ဝင်တွေပါ ထောင်ကျလာခဲ့ပါတယ်။

သူတို့ကလည်း သူတို့ကိုယ်သူတို့ ယုံကြည်ချက်အကျဉ်းသား (သို့) နိုင်ငံရေးအကျဉ်းသားဆိုပြီး ထောင်ထဲမှာ ကြွေးကြော်ခဲ့သလို ထောင်ကထွက်တော့လည်း သူတို့ကိုယ်သူတို့ နိုင်ငံရေးအကျဉ်းသားဟောင်းဆိုပြီး သတ်မှတ်ထားကြတာကို ကြားရပါတယ်။ ဒါပေမဲ့ သူတို့ကိုတော့ အရင်အာဏာရှင်တွေကို ဆန့်ကျင်ပြီး ထောင်ကျခဲ့တဲ့ နိုင်ကျဉ်းတွေက အသိအမှတ် မပြုခဲ့ကြပါဘူး။

ပြန်ဝန်ဟောင်း ဦးရဲထွဋ်ကို ဘယ်လိုသတ်မှတ်မလဲ

ဦးသိန်းစိန်အစိုးရလက်ထက်က ပြန်ကြားရေးဝန်ကြီး ဖြစ်ခဲ့ဖူးတဲ့ ဦးရဲထွဋ်ကတော့ စစ်တက္ကသိုလ်ဆင်း ဗိုလ်တွေထဲမှာတော့ ထူးခြားတဲ့သူတယောက်လို့ ပြောလို့ရနိုင်ပါတယ်။

သူ့ကို စစ်ကောင်စီက နိုဝင်ဘာလ ၂၉ ရက်နေ့မှာ အင်းစိန်အထူးသီးသန့် တရားရုံးကနေ ရာဇသတ်ကြီးပုဒ်မ ၁၂၄-ဃ၊ ပုဒ်မ ၅၀၅-က တို့နဲ့ ထောင်ဒဏ် ၁၀ နှစ် ချမှတ်လိုက်ပါတယ်။

သူက တပ်မတော်သားများ သို့မဟုတ် အစိုးရအမှုထမ်းများ၏ တာဝန်ဝတ္တရားများကို ဟန့်တားခြင်း သို့မဟုတ် နှောင့်ယှက်ခြင်းဆိုင်ရာ ဥပဒေပုဒ်မ ၁၂၄-ဃ နဲ့ ထောင်ဒဏ် ၇ နှစ်၊ ပြည်သူများ စိုးရိမ်ထိတ်လန့်မှု ဖြစ်စေရန် မမှန်သတင်းများ ဖြန့်ဝေသည်ဆိုကာ ပုဒ်မ ၅၀၅-က နဲ့ ထောင် ၃ နှစ် စုစုပေါင်း ၁၀ နှစ် ချမှတ်ခဲ့တာလို့ ဆိုပါတယ်။

စစ်အုပ်စုဘက်ကတော့ သူတို့ကိုဆန့်ကျင်သူ၊ တိုက်ခိုက်သူလို့ ဦးရဲထွဋ်ကို သတ်မှတ်ပြီး ထောင်ဒဏ်ချမှတ်လိုက်တာပါ။ ဦးရဲထွဋ်က သူ့ရဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာတွေမှာ အဓိပ္ပာယ်နှစ်ခွ ထွက်စေတဲ့ အကြောင်းအရာတွေ၊ အတွေးအမြင်တွေကို ရေးသားတာ၊ သူ့ဆောင်းပါးတွေက  ခေတ်အခြေအနေတွေကို ထောက်ပြတာနဲ့ ဝေဖန်တာ၊ စဉ်းစားစရာတွေကို ပေးတာကြောင့် တဖက်က သူတို့ကိုဆန့်ကျင်လို့ ဖမ်းလိုက်တာလို့ တွေးလို့ရသလို စစ်တက္ကသိုလ်ကျောင်းဆင်း တယောက်ဖြစ်ပြီး သူတို့ဘက်ကို မပါလို့ဆိုပြီး ဖမ်းလိုက်တာလို့လည်း ပြောလို့ရပါတယ်။ သူလို လူမျိုးကိုကော နိုင်ငံရေးအကျဉ်းသားလို့ သတ်မှတ်မှာလားလို့ စာဖတ်သူကို တွေးစေချင်တာပါ။

မောင်ဘညို

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024