ကမ္ဘာ့သံခင်းတမန်ခင်းလောကမှာ လူအများလေးစားရတဲ့ ထိပ်တန်းသံတမန် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဟောင်း ဟင်နရီကစ်ဆင်ဂျာဟာ အသက် ၁၀၀ ပြည့်နှစ်မှာပဲ ကွန်နက်တီကတ်ရှိ သူ့နေအိမ်မှာ နိုဝင်ဘာလ ၂၉ ရက်က ကွယ်လွန်သွားပါတယ်။
အသက် ၉၀ အရွယ်ပိုင်းအထိ တက်ကြွသွက်လက်နေခဲ့တဲ့ ကစ်ဆင်ဂျာဟာ အိမ်ဖြူတော်မှာ အစည်းအဝေးတွေ တက်နေဆဲ၊ ခေါင်းဆောင်မှုပုံစံများအကြောင်း စာအုပ်တအုပ် ထုတ်ဝေထားပြီးတော့ မြောက်ကိုရီးယားရဲ့ နျူကလီးယား ခြိမ်းခြောက်မှုနဲ့ပတ်သက်ပြီး အထက်လွှတ်တော် ကော်မတီရှေ့မှာ သက်သေထွက်ဆိုခဲ့ပါသေးတယ်။
၁၉၇၀ ပြည့်လွန်နှစ်တွေမှာ ရီပတ်ဘလစ်ကန်သမ္မတတွေဖြစ်တဲ့ ရစ်ချတ်နစ်ခ်ဆင်နဲ့ ဂျဲရဲလ်ဖို့ဒ်တို့ လက်ထက်မှာ နိုင်ငံခြားရေးဝန်ကြီးအဖြစ် တာ၀န်ထမ်းဆောင်ရင်း ကစ်ဆင်ဂျာဟာ ဆယ်စုနှစ်ချီ ခေတ်ပြောင်း ကမ္ဘာ့အရေးကြီး ဖြစ်ရပ်များစွာထဲမှာ ပါဝင်ခဲ့ပါတယ်။
ဂျာမန်နွယ်ဖွား ဂျူးဒုက္ခသည်အဖြစ်ကနေ အမေရိကန်နိုင်ငံခြားရေးမူဝါဒရဲ့ အဓိက ဗိသုကာပညာရှင်အထိ ဖြစ်လာတဲ့ ကစ်ဆင်ဂျာရဲ့ ကြိုးပမ်းမှုတွေဟာ တရုတ်နိုင်ငံရဲ့ သံတမန်ရေးရာ ဖွင့်လှစ်မှု၊ အထင်ကရ အမေရိကန်-ဆိုဗီယက် လက်နက်ထိန်းချုပ်ရေး ဆွေးနွေးပွဲ၊ အစ္စရေးနဲ့ သူ့ရဲ့အာရပ် အိမ်နီးချင်းတွေအကြား ဆက်ဆံရေးတိုးချဲ့မှု၊ မြောက်ဗီယက်နမ်နဲ့ ပါရီငြိမ်းချမ်းရေး သဘောတူညီချက်တို့ကို ဖြစ်ပေါ်စေခဲ့ပါတယ်။
ဟိုင့်န်စ် အဲလ်ဖရဒ် ကစ်ဆင်ဂျာကို ၁၉၂၃ ခုနှစ် မေလ ၂၇ ရက်က ဂျာမနီနိုင်ငံ ဖှာ့သ်မြို့မှာ မွေးဖွားခဲ့ပြီး ဥရောပ ဂျူးတွေကို သုတ်သင်မယ့် နာဇီလှုပ်ရှားမှုတွေ မပြုလုပ်ခင် ၁၉၃၈ ခုနှစ်မှာ မိသားစုနဲ့အတူ အမေရိကန်ကို ပြောင်းရွှေ့ခဲ့တာပါ။
၁၉၄၃ ခုနှစ်မှာ သူဟာ ဟင်နရီဆိုတဲ့ နာမည်နဲ့ အမေရိကန်နိုင်ငံသား ဖြစ်လာခဲ့ပြီး ဒုတိယကမ္ဘာစစ်အတွင်း ဥရောပမှာ စစ်မှုထမ်းခဲ့ပါတယ်။
အဲဒီနောက် ဟားဗတ်တက္ကသိုလ်ကို ပညာသင်ဆုနဲ့ သွားရောက်ခဲ့ပြီး ၁၉၅၂ ခုနှစ်မှာ မဟာဘွဲ့နဲ့ ၁၉၅၄ ခုနှစ်မှာ ပါရဂူဘွဲ့ ရရှိခဲ့ပါတယ်။
သူဟာ ဟားဗတ်တက္ကသိုလ်မှာ နောက်ထပ် ၁၇ နှစ်ကြာ တက်ရောက်ခဲ့ပါတယ်။ အဲဒီအချိန်အတောအတွင်း ကစ်ဆင်ဂျာဟာ အစိုးရအေဂျင်စီတွေရဲ့ အတိုင်ပင်ခံအဖြစ် ဆောင်ရွက်ခဲ့ပြီး ၁၉၆၇ ခုနှစ်က ဗီယက်နမ်ရှိ အမေရိကန် နိုင်ငံခြားရေးဌာနရဲ့ ကြားခံဖြန်ဖြေသူအဖြစ် ဆောင်ရွက်ခဲ့ပါတယ်။
သူဟာ ၃၆ ဆက်မြောက် သမ္မတ လင်ဒန်ဂျွန်ဆင်ရဲ့ အစိုးရအဖွဲ့ အဆက်အသွယ်တွေကို အသုံးပြုပြီး ငြိမ်းချမ်းရေး စေ့စပ်ညှိနှိုင်းရေးဆိုင်ရာ အချက်အလက်တွေကို နစ်ခ်ဆင် စခန်းကို ပေးပို့ခဲ့ပါတယ်။
နစ်ခ်ဆင်နဲ့ ဗီယက်နမ်စစ်ပွဲကို အဆုံးသတ်ဖို့ သူ့ရဲ့ "လျှို့ဝှက်အစီအစဉ်" တို့က ၁၉၆၈ ခုနှစ် သမ္မတရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့အခါ နစ်ခ်ဆင်က ကစ်ဆင်ဂျာကို အမျိုးသားလုံခြုံရေးအကြံပေးအဖြစ် အိမ်ဖြူတော်ဆီ ခေါ်ဆောင်လာခဲ့ပါတယ်။
၁၉၇၃ ခုနှစ်မှာ အမျိုးသားလုံခြုံရေးအကြံပေးအဖြစ် တာဝန်အပြင် ကစ်ဆင်ဂျာဟာ နိုင်ငံခြားရေးဝန်ကြီးအဖြစ် ခန့်အပ်ခံခဲ့ရပြီး နိုင်ငံခြားရေးမှာ စိန်ခေါ်မှုမရှိတဲ့ လုပ်ပိုင်ခွင့်အာဏာကို ပေးအပ်ခဲ့ပါတယ်။
ကစ်ဆင်ဂျာဟာ ၁၉၇၆ ခုနှစ်က သမ္မတ ဂျင်မီကာတာ လက်ထက်မှာ အစိုးရကနေ နုတ်ထွက်ပြီးနောက် ကမ္ဘာ့ကော်ပိုရိတ် အထက်တန်းလွှာတွေကို အကြံဉာဏ်တွေပေးတဲ့ ဈေးကြီးပြီး စွမ်းရည်မြင့်တဲ့ အတိုင်ပင်ခံ ကုမ္ပဏီတစ်ခုကို နယူးယောက်မှာ တည်ထောင်ခဲ့ပါတယ်။
ကော်ပိုရိတ်ဘုတ်အဖွဲ့တွေနဲ့ အမျိုးမျိုးသော နိုင်ငံခြားရေးမူဝါဒနဲ့ လုံခြုံရေးဖိုရမ်တွေမှာ တာဝန်ထမ်းဆောင်ခဲ့ပြီး စာအုပ်တွေရေးသားကာ နိုင်ငံတကာရေးရာ မီဒီယာဝေဖန်သူအဖြစ် ဆောင်ရွက်ခဲ့ပါတယ်။
Source/Photo-Reuters