ရခိုင်ပြည်နယ်၊ ကျောက်ဖြူနဲ့ ရမ်းဗြဲမြို့တွေမှာ နိုဝင်ဘာ ၂၈ ရက်နဲ့ ၂၉ ရက်နေ့တွေမှာ စစ်ကောင်စီတပ်က ပြည်သူ ၇ ယောက်ကို ULA/AA နဲ့ ဆက်စပ်တယ်လို့ စွပ်စွဲကာ ဖမ်းဆီးခဲ့ကြတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
“ဖမ်းဆီးခံရတဲ့သူတွေကတော့ ကုလားဘာတောင်ရပ်ကွက်က အသက် ၆၄ နှစ်အရွယ် ဦးမောင်သိန်းကြည်၊ အသက် ၄၅ နှစ်အရွယ် ဦးဘခင်အောင်၊ အသက် ၃၅ နှစ်အရွယ် ဦးထွန်းမင်းဌေး၊ အသက် ၃၇ နှစ်အရွယ် ဦးတင်မောင်ချေ၊ အသက် ၅၀ အရွယ် ကိုရင်ကြီးနဲ့ အသက် ၂၇ နှစ်အရွယ် ကိုအောင်သန်းစိုးတို့ကို ဖမ်းဆီးသွားကြတာ။”
ရမ်းဗြဲမြို့၊ အမှတ် ၆၊ ပုလုပ်တောင်ရပ်ကွက်က ဆေးရောင်းနေတဲ့ စာတိုက်ဝန်ထမ်း အသက် ၄၅ နှစ်အရွယ် ကိုထွန်းဦးခိုင်ကိုလည်း နိုဝင်ဘာ ၂၉ ရက် မနက် ၇ နာရီကျော်လောက်မှာ စစ်ကောင်စီတပ်သား ၅ ယောက်လောက်က ULA/AA နဲ့ ဆက်စပ်တယ်လို့ စွပ်စွဲပြီး ဖမ်းဆီးသွားကြတယ်လို့ ရမ်းဗြဲမြို့ ဒေသခံတယောက်က ပြောပါတယ်။
ရခိုင်ပြည်နယ်အတွင်းမှာ ရက္ခိုင့်တပ်တော် (အေအေ) နဲ့ စစ်ကောင်စီတပ်တို့ တကျော့ပြန် တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားပြီးနောက် စစ်ကောင်စီဘက်က ဒေသခံပြည်သူ အယောက် ၇၀ ထက်မနည်း အေအေနဲ့ ဆက်စပ်တယ်လို့ သံသယမှုနဲ့ ဖမ်းဆီးခဲ့ကြတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။