မကွေးတိုင်းဒေသကြီး ချောက်မြို့နယ်မှာ ဒီနေ့ ညနေ ၃ နာရီက မြို့နယ်ရုံးမှ နေအိမ်ကိုပြန်လာတဲ့ စည်ပင်သာယာရေးအဖွဲ့ဥက္ကဋ္ဌ သေနတ်နဲ့ပစ်ခတ်ခံရတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
ချောက်မြို့နယ်စည်ပင်သာရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန့်ဇင်ဦမှာ ရုံးကိစွတွေပြီးနောက် နေအိမ်ကို ဆိုင်ကယ်နဲ့ပြန်လာစဥ် ကင်မွန်းခြုံရပ်ကွက်ထိပ်မှာ သေနတ်နဲ့ပစ်ခတ်ခံရတာလို့ ဒေသခံတဦးက ဒီဗွီဘီကို ပြောပါတယ်။
"စည်ပင်ကဝန်ထမ်းတွေ သူတို့ဥက္ကဋ္ဌ သေနတ်နဲ့ပစ်ခံလို့ဆိုပြီး ဆေးရုံကို လိုက်သွားကြတယ်။ သေနတ် ၃ ချက်ထိတာ၊ ဒဏ်ရာကအတော်လေးပြင်းတယ်။"
"သေနတ်နဲ့ အပစ်ခံရတယ်ဆိုတာပဲ သိရတာ၊ ဘယ်လိုပစ်လဲဆိုတာတော့ မသိဘူး။ ချောက်ဆေးရုံကနေ မကွေးဆေးရုံကို ပို့ဖို့စီစဥ်နေတယ်။ သေတော့မသေဘူး၊ ဒဏ်ရာက ပြင်းတယ်။"
လတ်တလောမှာ စစ်ကောင်စီတပ်နဲ့ရဲတွေက ချောက်မြို့နယ်အတွင်း စစ်ဆေးမှုတွေ ပြုလုပ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာ ၁၈ ရက် မနက် ၁၀ နာရီကလည်း ချောက်မြို့နယ်စည်ပင်သာယာရေး အဖွဲ့ရုံးကို အမျိုးသားနှစ်ဦးက ဗုံးနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် ဝန်ထမ်း ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ဥက္ကဋ္ဌနဲ့အဖွဲ့ကို သတိထားနေထိုင်ဖို့ တိုင်းဒေသကြီးအစိုးရအဖွဲ့က သတိပေးခဲ့ပါတယ်။
အလားတူပင် ချောက်မြို့နယ် ကြံ့ကန်လေးကျေးရွာမှာ နိုဝင်ဘာ ၁၆ ရက်က ပြည်သူစစ်တဦး သေနတ်နဲ့ပစ်ခတ်ခံရပြီးသေဆုံးခဲ့သလို ဇွန် ၂ ရက်ကလည်း ကပစ ၂၁ က တပ်ကြပ်ကြီးအောင်သူတင့် သေနတ်နဲ့ပစ်ခတ်ခံရပြီး သေဆုံးခဲ့တဲ့ဖြစ်စဥ်လည်းရှိပါတယ်။