တိုက်ပွဲဖြစ်ပွားနေတဲ့ ရှမ်းပြည်နယ်၊ ကိုးကန့်ဒေသ၊ လောက်ကိုင်မြို့ကနေ တိမ်းရှောင်လာသူတွေထဲမှာ လေးငါးရက်ကြာ အစားမစားခဲ့ရတဲ့သူတွေ အများကြီး ပါဝင်လာပြီး လားရှိုးမြို့ပြင်မှာ သောင်တင်နေလို့ မြို့ခံတွေက ကူညီနေရပါတယ်။
၁၀၂၇ စစ်ဆင်ရေးအဖြစ် MNDAA ကိုးကန့်၊ TNLA တအာင်း၊ AA ရခိုင် မြောက်ပိုင်းညီနောင်သုံးဖွဲ့နဲ့ PDF ပူးပေါင်းတပ်တွေဟာ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ စစ်ကောင်စီရဲ့ စခန်းတွေနဲ့ မြို့တွေကို တိုက်ခိုက်သိမ်းပိုက်နေပါတယ်။
အဲ့ဒီထဲက ကိုးကန့်ဒေသ လောက်ကိုင်မြို့က တိုက်ပွဲကြား ပိတ်မိနေတဲ့ ပြည်သူတွေဟာ အရဲစွန့်ပြီး တိမ်းရှောင်လာရာ လမ်းခရီးမှာ လေးငါးရက်ကြာ အစာမစားခဲ့ရဘဲ လက်ရှိမှာ လားရှိုးမြို့အပြင်မှာ နေစရာ စားစရာမရှိ ဖြစ်နေလို့ မြို့ခံတွေက ကူညီနေရတယ်လို့ လားရှိုးမြို့ခံတဦးက ပြောပါတယ်။
ကိုးကန့်ဒေသကနေ တိမ်းရှောင်လာသူတွေကို တော်လှန်ရေးတပ်တွေက ကူညီပြီး ဘေးကင်းရာကို ပို့ပေးတာရှိတဲ့အပြင် ကိုယ့်အစီအစဉ်နဲ့ကိုယ် စုဖွဲ့ပြီး တိမ်းရှောင်လာသူတွေလည်း ထောင်နဲ့ချီပြီး ရှိပါတယ်။
လုံခြုံဘေးကင်းတဲ့ တောလမ်းအတိုင်း ပြန်ကြရတဲ့ စစ်ရှောင်တွေဟာ လမ်းမှာ ဝယ်စားဖို့အတွက် ဈေးဆိုင်တွေမရှိပါဘူးလို့ လောက်ကိုင်ကနေ တိမ်းရှောင်လာသူတဦးက ပြောပါတယ်။
“ဆိုင်ကယ်နဲ့ကို လားရှိုးမြို့ပြင်ရောက်တဲ့အထိ ၅ ရက်ကြာခဲ့တယ်။ စက်သုံးဆီကလည်း တဂါလံကို ကျပ်ငွေတသိန်းထိ ပေးဝယ်နေရလို့ စရိတ်မရှိတော့တဲ့သူတွေမှာ စီးလာတဲ့ မော်တော်ယာဉ်တွေကို လမ်းခရီးမှာထားခဲ့ပြီး ခြေလျင်ပြန်လာကြရသူတွေဟာ လမ်းခရီး တဝတ်တပျက်မှာ ကျန်နေခဲ့တာ ထောင်နဲ့ချီ ရှိနေတယ်။”
မြန်မာ-တရုတ်နယ်စပ် ကိုးကန့်ဒေသ အပါအဝင် ရှမ်းပြည်နယ်မြောက်ပိုင်းက မြို့နယ်အများစုမှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေကြား တကျော့ပြန် တိုက်ပွဲဖြစ်ပွားနေတာ ၁၀၂၇ စစ်ဆင်ရေး စတင်တဲ့ အောက်တိုဘာ ၂၇ ရက်ကနေဆိုရင် ၁ လကျော် ကြာလာပြီ ဖြစ်ပါတယ်။
တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်ရဲ့ တပ်ရင်းတပ်ဖွဲ့တွေနဲ့ အုပ်ချုပ်ရေးဒေသတွေ ဆက်တိုက်ဆုံးရှုံးနေကာ သောင်းနဲ့ချီတဲ့ ပြည်သူတွေဟာ စစ်ဘေးတိမ်းရှောင်နေရပြီး အကူအညီတွေလည်း လိုအပ်နေပါတယ်။
ခွန်ဇော်ဦး