ချင်းပြည်နယ်၊ မတူပီမြို့နယ်ရှိ ရေဇွာမြို့ကို ချင်းတော်လှန်ရေးတပ်တွေက နိုဝင်ဘာ ၂၉ ရက် ဒီမနက်မှာ သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့ပြီး စစ်ကောင်စီတပ်သား ၁၅ ယောက်ကိုလည်း ဖမ်းမိခဲ့တယ်လို့ ချင်းအမျိုးသားတပ်မတော် (CNA) က အတည်ပြု ပြောပါတယ်။
ရေဇွာမြို့ရှိ စစ်ကောင်စီစခန်းကို တော်လှန်ရေးတပ်တွေက ဒီမနက်အစောပိုင်းမှာ ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး မနက် ၉ နာရီခွဲမှာ အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ကာ စစ်ကောင်စီဘက်က ဂျက်တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
ဒီတိုက်ပွဲမှာ စစ်ကောင်စီတပ်သား ၁၅ ယောက်ကို ဖမ်းဆီးရမိပြီး ၄ ယောက် သေဆုံးကာ တော်လှန်ရေးတပ်ဖွဲ့ဝင် ၃ ယောက် ကျဆုံးခဲ့တယ်လို့ CNA ပြောခွင့်ရသူ ဆလိုင်းထက်နီက ဒီဗွီဘီကို ပြောပါတယ်။
“ရေဇွာမြို့ကို ဒီမနက်မှာ သိမ်းလိုက်တာပါ။ စခန်းကိုဝင်စီးတယ်။ ဂျက်ဖိုက်တာနဲ့ သူတို့ ဗုံးကြဲတိုက်ခိုက်မှုတွေ ပြန်လုပ်တယ်။ ဒါပေမဲ့ မနက် ၉ နာရီခွဲမှာ အပြီးသိမ်းနိုင်ခဲ့တယ်။ သူတို့ဘက်က ၁၅ ဦးကို ဖမ်းဆီးရမိတယ်။ သူတို့လက်နက်ကြီး အကုန်သိမ်းလိုက်တယ်။ အသေးစိတ် မသိသေးဘူး။ ၄ ယောက် အလောင်းတွေ့တယ်။ တော်လှန်ရေးတပ် ၃ ယောက် အသက်ပေးရတယ်။ ရေဇွာမြို့က ကျနော်တို့ထိန်းချုပ်မှုအောက် ရောက်သွားပါပြီ။”
ချင်းတော်လှန်ရေးတပ်တွေအနေနဲ့ စစ်ကောင်စီကို ထိုးစစ်ဆင်ပြီး မြို့သိမ်းတိုက်ပွဲတွေ ဖော်ဆောင်နိုင်တဲ့ အခြေအနေ ရှိနေပြီဖြစ်ကြောင်း လတ်တလော ရေဇွာမြို့ အပါအဝင် ချင်းတော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ မြို့ပေါင်း ၇ မြို့အထိ ရှိလာပြီလို့ ချင်းအမျိုးသားတပ်မတော် ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။
“ကျနော်တို့ သိမ်းတာက ၃ မြို့၊ အားလုံးပေါင်းဆိုရင် ၇ မြို့ရှိလာပြီ။ စစ်ကောင်စီက သူတို့ဟာ သူတို့ ရုပ်သိမ်းသွားတာရှိသလို ကျနော်တို့ သိမ်းတာတွေရောဆို ၇ မြို့ရှိပြီပေါ့။ ကျနော်တို့ အနေနဲ့ စစ်ကောင်စီကို ထိုးစစ်ဆင်ပြီး မြို့သိမ်းတိုက်ပွဲတွေ ဖော်ဆောင်နိုင်တဲ့ အခြေအနေ ရှိနေပါပြီ။”
ရေဇွာမြို့သိမ်းတိုက်ပွဲကို ချင်းအမျိုးသားတပ်မတော်ရဲ့ ဦးဆောင်မှုနဲ့ ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့ ၅ ဖွဲ့ ပူးပေါင်းပြီး စစ်ဆင်ရေးပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။
ချင်းပြည်နယ်မှာ တော်လှန်ရေးတပ်ဖွဲ့တွေ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တဲ့ မြို့တွေကတော့ ဖလမ်းမြို့နယ်ရှိ ရိေခါဒါရ်မြို့၊ မတူပီမြို့နယ်ရှိ လိုင်လင်းပီမြို့နဲ့ ရေဇွာမြို့တို့ ဖြစ်ကြပါတယ်။
သီဟ