ဘိုလီးဗီးယားနိုင်ငံမှာ လောင်စာဆီဈေးကြီးမြင့်နေမှုဟာ လက်ရှိဖြစ်ပွားနေတဲ့ ကမ္ဘာတဝန်းက စစ်ပွဲတွေကြောင့်ဖြစ်တယ်လို့ အစိုးရက ဝေဖန်ပြစ်တင်လိုက်ပါတယ်။
ဘိုလီးဗီးယားသမ္မတ လူးဝစ်စ် အာဆေးက“ဘိုလီးဗီးယားမှာ ဓာတ်ဆီ၊ ဒီဇယ်ဆီ၊ ရေနံဆီတွေကို ပြည်ပကနေ တင်သွင်းလာမှုအပေါ် နှစ်ပေါင်းအတော်ကြာ မှီခိုနေရပြီး အခုခေတ်မှာတော့ ဒါကို တဖြည်းဖြည်း ဖြေရှင်းနိုင်ဖို့ ကြိုးစားနေပါတယ်” လို့ ပြောပါတယ်။
မြို့တော်လာပက်ဇ်မှာတော့ နိုဝင်ဘာ ၂၈ ရက်က ပြည်သူတွေဟာ လောင်စာဆီရရှိဖို့ တန်းစီနေကြရသလို ဘတ်စ်ကားတွေ၊ ကုန်ကားတွေနဲ့ တခြားကားတွေ ဒါဇင်ပေါင်းများစွာဟာ လမ်းတွေပေါ်နဲ့ လောင်စာဆီရောင်းချတဲ့ နေရာတွေမှာ ကွေ့ကွေ့ကောက်ကောက် တန်းစီနေကြ ပါတယ်။
လောင်စာဆီရရှိဖို့ ခက်ခဲတဲ့အပြင် ဆီဆိုင်မှာ သူဝယ်ယူနိုင်တဲ့ ပမာဏကလည်း ဈေးနှုန်းကန့်သတ်ချက် ရှိနေတယ်လို့ ဒေသခံယာဉ်မောင်း ရာမီရို မယ်ဟီယာက ပြောပါတယ်။
အခု သူသွားရမယ့်နေရာမှာ ဘာဒီဇယ်ဆီမှ ဝယ်လို့မရတော့ကြောင်းနဲ့ ဒီဇယ်ဆီက ရှားပါးနေပြီလို့လည်း ဆိုပါတယ်။
ဆိုင်တွေမှာက ဘိုလီးဗီးယား ပီဆို ၇၀၀ ဖိုး ရောင်းချပြီး သူသွားရမယ့်ခရီးအတွက် ၁,၇၀၀ - ၁,၈၀၀ ဖိုး ဝယ်ပြီးဖြည့်မှ ရောက်ရှိနိုင်မှာဖြစ်ကြောင်းနဲ့ လမ်းမှာ သွားလာရင်း ဆီပြတ်သွားရင် ထည့်ရမယ့်နေရာ မရှိတော့ဘူးလို့ ပြောပြပါတယ်။
ရုရှားနဲ့ ယူကရိန်း၊ အစ္စရေးနဲ့ ပါလက်စတိုင်းတို့ကြား ဖြစ်ပွားနေတဲ့ စစ်ပွဲတွေကြောင့် လောင်စာဆီတင်သွင်းမှုမှာ “ပုံမှန်မဟုတ်တဲ့” စျေးနှုန်းတွေ မြင့်တက်သွားတာလို့ သမ္မတ လူးဝစ်စ် အာဆေးက နိုဝင်ဘာ ၂၇ ရက်မှာ ပြောကြားခဲ့ပါတယ်။
တခြားလုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်ရေးမှာ ဆီ၊ ဒီဇယ်၊ ဓာတ်ဆီ တင်သွင်းမှုအပေါ် မူတည်နေပြီး ဒီဇယ်မရှိရင် စိုက်ပျိုးရေးလည်းမရှိ၊ သယ်ယူပို့ဆောင်ရေးလည်း မရှိနိုင်တော့တာကြောင့် ဒီအချက်တွေက အရေးကြီးကြောင်းနဲ့ စစ်ပွဲကြောင့်လည်း အခုပေးဝယ်နေရတဲ့ ဈေးကလည်း ကြီးတယ်လို့ သမ္မတက ပြောထားပါတယ်။
Source/Photo-Reuters