မန်ယူလူငယ်ကြယ်ပွင့် ကစားသမားနှစ်ဦးဖြစ်တဲ့ ဂါနာချိုနဲ့ မိန်နူးတို့ရဲ့ခြေစွမ်း ပိုပြီးတိုးတက်လာဖို့ ရှိသေးတယ်လို့ နည်းပြ အဲရစ်တန်ဟတ်ဂ်က ပြောသွားပါတယ်။
အသက် ၁၉ နှစ်ပဲ ရှိသေးတဲ့ အာဂျင်တီးနား တောင်ပံကစားသမား ဂါနာချိုဟာ အဲဗာတန်ကို ၃ ဂိုး ဂိုးမရှိနဲ့ အနိုင်ရတဲ့ပွဲမှာ ဦးဆောင်ဂိုးကို နောက်ပြန်ကန်ချက်နဲ့ သွင်းယူခဲ့ပြီး အကောင်းဆုံး ကစားသမားဆု ရခဲ့တာပါ။
အလားတူ ပထမဆုံးအကြိမ် ပွဲထွက်ကစားခွင့် ရရှိခဲ့တဲ့ လူငယ်ကြယ်ပွင့် ကိုဘီမိန်နူးဟာလည်း ကွင်းလယ်မှာ အကောင်းဆုံးစွမ်းဆောင်ရည် ပြသနိုင်ခဲ့ပြီး ဘောလုံးကျွမ်းကျင်သူတွေရဲ့ ချီးကျူးမှု ခံခဲ့ရတာပါ။
အဆိုပါ လူငယ်ကစားသမားလေးတွေဟာ ခြေစွမ်းပိုမိုတိုးတက်လာဖို့ရှိသေးပြီး လက်ရှိ စွမ်းဆောင်ရည်ကို ဆက်ထိန်းကာ လာမယ့်ပွဲစဉ်တွေမှာ အာရုံစူးစိုက်မှုအပြည့် ထားရှိသွားရမှာဖြစ်ကြောင်း နည်းပြတန်ဟတ်ဂ်က ပြောပါတယ်။
ဒီနေ့ညကစားမယ့် ဂါလာတာစာရေးနဲ့ ချန်ပီယံလိဂ် အဆုံးအဖြတ်ပွဲစဉ်မှာ လူငယ်ကွင်းလယ်လူ မိန်နူးကို ဆက်လက်ပွဲထွက်စေဖို့လည်း နည်းပြတန်ဟတ်ဂ်က လျာထားပါတယ်။
Photo-Reuters