တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်နဲ့ သရက်ချောင်းမြို့နယ်တွေမှာ နိုဝင်ဘာ ၂၆ ရက်က စစ်ကောင်စီတပ်ကို ပြည်သူ့ကာကွယ်ရေးတပ်တွေက တိုက်ခိုက်ခဲ့တယ်လို့ နိုဝင်ဘာ ၂၇ ရက်မှာ သက်ဆိုင်ရာအဖွဲ့တွေက စစ်ရေးသတင်း ထုတ်ပြန်ပါတယ်။
လောင်းလုံးမြို့မရဲစခန်းရဲ့ တောင်ဘက်မှာရှိတဲ့ စောင်းကြိုးလမ်းမှာ ကင်းပတ်နေတဲ့ စစ်ကောင်စီတပ်ကားကို လောင်းလုံးပကဖက ပဒေသာမိုင်းနဲ့ တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်သား ၆ ဦးသေဆုံးပြီး ၄ ဦး ဒဏ်ရာရကြောင်း လောင်းလုံးပကဖက ရုပ်သံနဲ့တကွ သတင်းထုတ်ပြန်ပါတယ်။
လောင်းလုံးမြို့ခံတဦးက “ပေါက်ကွဲသံ အကြီးတချက် ကြားပြီးတာနဲ့ ပစ်သံတွေ ဆက်တိုက်ကြားရတယ်။ အဲဒီည နိုဝင်ဘာလ ၂၆ ရက်က မြို့ပေါ်မှာ ဆူဆူညံညံကို ဖြစ်သွားတယ်” လို့ ပြောပါတယ်။
သရက်ချောင်းမြို့နယ်၊ သိမ်ကုန်းရွာကို ရငဲရွာ၊ မြွေတောင်စစ်ကောင်စီစခန်းက ရောက်လာတဲ့ အင်အား ၄၀ ဝန်းကျင်ပါ စစ်ကောင်စီစစ်ကြောင်းကို ဒေါင်းမင်းစစ်ဆင်ရေးအဖွဲ့နဲ့ ဝါးရိပ်ခွန်အားပြောက်ကျားအဖွဲ့တို့က နိုဝင်ဘာ ၂၆ ရက် ညနေပိုင်းမှာ ကြားဖြတ် တိုက်ခိုက်ခဲ့ပြီး ထိခိုက်သေဆုံးမှုကို စုံစမ်းနေတယ်လို့ အဲဒီအဖွဲ့က သတင်းထုတ်ပြန်ပါတယ်။
နိုဝင်ဘာ ၂၆ ရက်မှာ ထားဝယ်မြို့အဝင် ပေါက်တိုင်းတံတားက စစ်ကောင်စီ စစ်ဆေးရေးဂိတ်လည်း တိုက်ခိုက်ခံရပြီး လောင်းလုံးမြို့နဲ့ ထားဝယ်မြို့တွေမှာ တိုက်ခိုက်ခံရမှုကြောင့် စစ်ကောင်စီတပ်က ထားဝယ်မြစ်ကမ်းနံဘေးရှိ ရပ်ကွက်နှစ်ခုကို ဝင်ရောက်စီးနင်း ရှာဖွေတာ လုပ်ခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။