ကရင်နီ (ကယား) ပြည်နယ်၊ လွိုင်ကော်မြို့ကနေ ဒီးမော့ဆိုအနောက်ခြမ်းကို စစ်ဘေးရှောင်လာတဲ့ ပြည်သူတွေအတွက် တဲအိမ်တွေတည်ဆောက်ဖို့ မိုးကာတွေနဲ့ ရိက္ခာတွေ လိုအပ်နေတယ်လို့ စစ်ဘေးရှောင်တွေကို ကူညီပေးသူတွေဆီက သိရပါတယ်။
လွိုင်ကော်မြို့မှာ နိုဝင်ဘာ ၁၁ ရက်ကစပြီး ဒီနေ့အထိ စစ်ကောင်စီတပ်နဲ့ ကရင်နီ ကာကွယ်ရေးတပ်တွေကြား ထိတွေ့တိုက်ပွဲတွေ ပြင်းထန်နေတာကြောင့် မြို့ထဲရပ်ကွက်က ပြည်သူတွေက ဘေးလွတ်ရာ နေရာတွေကို တိမ်းရှောင်နေကြရပြီး ဒီးမော့ဆို အနောက်ခြမ်းမှာလည်း စစ်ရှောင်နေကြပါတယ်။
Kareni Hope က တာဝန်ရှိသူ ကိုလွမ်းက "မိုးကာ အဓိကပေါ့နော်။ စောင်၊ ဝါး၊ ရိက္ခာတွေကောပေါ့။ အိမ်ထောင်စု တစုကို မိုးကာ၊ ဆန်၊ စောင်ရယ်ဆို ၆၀၀၀၀ ကျော်ရှိမယ်ဗျ။ စစ်ရှောင်ကူညီရေးအဖွဲ့တွေကတော့ လှုပ်ရှားနေကြတယ်။ လိုအပ်တာတွေလည်း များတယ်။ အလှူငွေ၊ ပြီးတော့ ဝယ်ယူဖို့လမ်းကြောင်း၊ စျေးနှုန်းတွေကလည်း ခေါင်ခိုက်နေတယ်"လို့ ပြောပါတယ်။
ဒီးမော့ဆိုအနောက်ဘက်ခြမ်းကို စစ်ဘေးရှောင်ကြတဲ့ ပြည်သူတွေက နီးစပ်ရာ ဆွေမျိုးအိမ်တွေ အသိမိတ်ဆွေအိမ်တွေမှာ နေထိုင်ကြသူတွေလည်း ရှိပြီး စစ်ရှောင်စခန်းအနေနဲ့ စုနေကြတာလည်း ရှိတယ်လို့ သိရပါတယ်။
စစ်ဘေးရှောင်အမျိုးသမီးတဦးက "စပါးတွေလည်း ကျန်ခဲ့တယ်၊ စားတောင်မစားရသေးဘူး။ ကြက်တွေ၊ ဝက်တွေကောပဲ။ ကြောက်ကြောက်နဲ့ စစ်ရှောင်လာရတော့ ဘာမှ မပါလာဘူး၊ စောင်ပဲပါလာတယ်။ တန်ဖိုးကြီးပစ္စည်းတွေလည်း အကုန်ကျန်နေခဲ့တယ်"လို့ ပြောပါတယ်။
ဒီးမော့ဆိုအနောက်ဘက်ခြမ်းမှာ စစ်ရှောင်လာတဲ့ပြည်သူတွေ များပြားနေပေမယ့် စစ်ရှောင်အရေး ကူညီပေးတဲ့ အဖွဲ့အသီးသီးက နီးစပ်ရာ ကူညီပေးနေတာဖြစ်လို့ စစ်ဘေးရှောင်ပြည်သူ အရေအတွက် အတိအကျကိုတော့ စစ်တမ်းကောက်နေဆဲဖြစ်တယ်လို့ သိရပါတယ်။