ဂါဇာဒေသမှာ နိုဝင်ဘာ ၂၇ ရက်က လွတ်မြောက်လာခဲ့တဲ့ ဓားစာခံ ၁၁ ဦးဟာ အစ္စရေးနိုင်ငံထဲကို ရောက်ရှိနေပြီဖြစ်တယ်လို့ သိရပါတယ်။
ဒီဓားစားခံတွေကို သူတို့ရဲ့မိသားစုနဲ့ မဆုံစည်းခင်မှာ ဆေးဘက်ဆိုင်ရာ စစ်ဆေးမှုတွေ ကနဦးပြုလုပ်သွားဖို့ စီစဉ်ထားကြောင်း အစ္စရေးစစ်တပ်က ပြောပါတယ်။
အစ္စရေးနဲ့ ဟားမတ်စ်တို့ကြား အပစ်အခတ်ရပ်စဲမှု ၄ ရက်မြောက်နေ့မှာ ဓားစာခံတွေ တင်ဆောင်လာခဲ့တဲ့ ကြက်ခြေနီယာဉ်တွေက အစ္စရေးအထိ ရောက်ရှိလာတာကို တွေ့ရပါတယ်။
ဟားမတ်စ်ဘက်ကတော့ အစ္စရေးအကျဉ်းထောင်တွေက ပြန်လည်လွတ်မြောက်လာမယ့် ပါလက်စတိုင်း ၃၃ ဦးစာရင်းကို ရရှိထားပြီ ဖြစ်တယ်လို့ အစောပိုင်းမှာ မှတ်ချက်ပေးပါတယ်။
အဲ့ဒီထဲမှာ အရွယ်မရောက်သေးသူ အယောက် ၃၀ နဲ့အတူ အမျိုးသမီးအကျဉ်းသား ၃ ဦးလည်း ပါဝင်ကြောင်း ဖော်ပြထားပါတယ်။
မူလ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အရ သက်တမ်းကုန်ဆုံးတော့မှာ ဖြစ်တာကြောင့် နောက်ထပ် ၂ ရက် ထပ်တိုးသွားဖို့ ရှိတယ်လို့လည်း ဆိုပါတယ်။
အခုလွတ်မြောက်လာခဲ့တဲ့ ဓားစာခံအားလုံးဟာ ၂ နိုင်ငံသား ခံယူထားသူတွေဖြစ်ပြီး ပြင်သစ် ၃ ဦး၊ ဂျာမနီ ၂ ဦးနဲ့ အာဂျင်တီးနား ၆ ဦး ပါဝင်လာတယ်လို့ ကာတာအနေနဲ့ အတည်ပြုပါတယ်။
Source/Photo-Reuters