Home
မြန်မာသတင်း
တနင်္သာရီတွင်  တောင်ပိုင်းညီနောင်များစစ်ကြောင်း ဖွဲ့စည်း
DVB
·
November 28, 2023
group 28112023

တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်မှာ မဟာမိတ်တပ်ဖွဲ့ ၃ ဖွဲ့ စုပေါင်းပြီး Southern brothers army တောင်ပိုင်းညီနောင်များစစ်ကြောင်း (SBA) ကို ဖွဲ့စည်းလိုက်ကြောင်း နိုဝင်ဘာ ၂၇ ရက်မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ထုတ်ပြန်ပါတယ်။

မဟာမိတ်ညီနောင်တပ်ဖွဲ့တွေဖြစ်ကြတဲ့ ခွပ်ဒေါင်းတမန်အထူးစစ်ကြောင်း၊ KTLA ကော်သူးလေတပ်မတော် ကျားကြီး ကွန်မန်ဒိုပြောက်ကျားတပ်ဖွဲ့နဲ့ ပြည်သူ့လွတ်မြောက်ရေးတပ်ဖွဲ့ (PLA) တို့ ၃ ဖွဲ့က စုပေါင်းပြီး  နိုဝင်ဘာ ၂၅ ရက်မှာ Southern  brothers army တောင်ပိုင်းညီနောင်များစစ်ကြောင်း (SBA) ကို စတင်ဖွဲ့စည်းလိုက်တာလို့ ဆိုပါတယ်။

အရင်က တပ်ဖွဲ့တခုအနေနဲ့ စစ်ကောင်စီကို တော်လှန်ရာမှာ လက်နက်ခဲယမ်း မလုံလောက်မှုတွေရှိခဲ့ပြီး အခုလို စစ်ကြောင်းဖွဲ့စည်းလိုက်တာကြောင့် ပိုထိရောက်စွာ လုပ်ဆောင်လာနိုင်မယ်လို့ ခွပ်ဒေါင်းတမန်အထူးစစ်ကြောင်းတာဝန်ခံက ပြောပါတယ်။

"အရင်ကထက်ပိုပြီး အားသာချက်ရှိလာတာပေါ့ဗျ။ စုပေါင်းအားနဲ့ တော်လှန်ကြတော့ အရင်ကထက်ပိုပြီး ထိရောက်မှုရှိတာပေါ့ဗျ။ အရင်ကဆို တဖွဲ့တည်း လှုပ်ရှားရင် ကျည်မလောက်တာနဲ့ လက်လုပ်သေနတ်တွေနဲ့ဆိုတော့ ထိရောက်မှုက အားသိပ်မရှိဘူးပေါ့ဗျ။ အခုလို သုံးဖွဲ့ပေါင်းလိုက်တော့ လက်နက်ခဲယမ်းအတွက်ကတော့ သီးသန့်ရွေးထုတ်ပြီး တိုက်လို့ရသွားတဲ့ အားသာချက်ပေါ့။ တဖက်မှာလည်း ရဲဘော်အင်အား များလာတဲ့အတွက် ရဲဘော်တဦးချင်းစီရဲ့ လိုအပ်ချက်လေးတွေ ပိုများလာတာပေါ့။" 

စစ်အာဏာရှင်ကို တော်လှန်နေတဲ့ တော်လှန်ရေးအဖွဲ့တွေရဲ့ စုပေါင်းအင်အားနဲ့ အာဏာရှင်စနစ်ဆိုးကို အမြစ်ပြတ်တဲ့အထိ ပိုပြီးထိရောက်စွာ တော်လှန်ဖို့၊ တော်လှန်ရေး အင်အားစုကြား အချင်းချင်းယုံကြည်မှုခိုင်မာပြီး စည်းလုံးညီညွတ်မှုရှိစေဖို့နဲ့ စစ်မှန်တဲ့ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော် ပေါ်ထွန်းလာစေဖို့အတွက် ရည်ရွယ်ကာ စစ်ကြောင်းအား ဖွဲ့စည်းလိုက်တာလို့ ထုတ်ပြန်ချက်ထားပါတယ်။

စစ်ကြောင်းဖွဲ့စည်းတဲ့ အခမ်းအနားကို ညီနောင်မဟာမိတ်အဖွဲ့တွေရဲ့ တာဝန်ရှိသူတွေ တက်ရောက်ခဲ့ကြပြီး KTLA ထီးစမယ်ရွာတပ်ရင်းက ဗိုလ်ပါးမွေး၊ ဒုစစ်ကြောင်းမှူး ဗိုလ်သားနီနဲ့ ဗိုလ်စိုင်းညီတို့က အမှစကားတွေ ပြောကြားခဲ့ပါတယ်။

KTLA ကော်သူးလေတပ်မတော် ကျားကြီးကွန်မန်ဒိုတပ်ဖွဲ့နဲ့ ခွပ်ဒေါင်းတမန် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ဟာ တနင်္သာရီမြို့နယ်ရှိ စစ်ကောင်စီတပ်ဖွဲ့တွေကို တော်လှန်တိုက်ထုတ်နေတဲ့ တပ်ဖွဲ့တွေလည်း ဖြစ်ပါတယ်။

တနင်္သာရီမြို့နယ်မှာ တော်လှန်ရေးအင်အားစုတွေ ပူးပေါင်းဖွဲ့စည်းထားတဲ့ အမှတ်  ၁ တပ်ရင်းနဲ့ အမှတ် ၂ တပ်ရင်း စစ်ကြောင်း ၂ ကြောင်းရှိပြီးတော့ အခု တောင်ပိုင်းညီနောင်များစစ်ကြောင်း ဖွဲ့စည်းပြီးနောက် စစ်ကြောင်းသုံးခုအထိ ရှိလာပြီဖြစ်ပါတယ်။

မကြာခင် စစ်ရေးအရှိန်ဟုန်မြှင့်လာမှာဖြစ်တဲ့အတွက် ပြည်သူတွေ  အသွားအလာ သတိရှိကြဖို့နဲ့ စစ်ကောင်စီ ဒေါက်တိုင်တွေနဲ့ ဝေးဝေးမှာရှောင်ကြဖို့လည်း သတိပေးထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024