ထိုင်းမြောက်ပိုင်း၊ ချင်းမိုင်မြို့မှာ လွိုင်ကထုံးတန်ဆောင်တိုင် မီးဖောင်မျှောပွဲကာလ နိုဝင်ဘာ ၂၈ ရက် မနက် ၃ နာရီ လောက်က ချင်းမိုင်ဈေးကြီးရဲ့ ပန်းဈေးတန်းအနောက်ဘက် ရှေးဟောင်းအိမ်ခန်းတွဲမှာ မီးလောင်ပြီး ဘတ်သန်းပေါင်း ၁၀၀ ကျော် ဆုံးရှုံးသွားပါတယ်။
ဒီကနေ့မနက် ၃ နာရီကျော်လောက်က စာတိုက်ကြီးလမ်း ချန့်မွဲ့ရပ်ကွက်ထဲမှာ မီးလောင်မှုဖြစ်တဲ့ သတင်းရတဲ့အတွက် မီးသတ်ကား ၁၀ စီးနဲ့ သွားရောက် ငြှိမ်းသတ်ခဲ့တယ်လို့ ချင်းမိုင်ခရိုင်သဘာဝဘေးအန္တရာယ်တားဆီးကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူ ၁ ဦးက သတင်းထောက်ကို ပြောပါတယ်။
မယ့်ပင်းမြစ် မျက်နှာချင်းဆိုင် ပန်းဈေးတန်းအနောက်ဘက် တရုတ်ဘုံကျောင်းဘေးရှိ နှစ်ထပ်တိုက်ခန်းတွဲအိမ်မှာ မီးလောင်ခဲ့တာဖြစ်ပြီး အပေါ်ထပ်လူနေကာ အောက်ထပ်မှာ ဈေးဆိုင်တွေ ဖွင့်ထားတဲ့နေရာဖြစ်ပါတယ်။
မီးလောင်တာကို အချိန် ၂ နာရီကြာ ငြှိမ်းသတ်ခဲ့ပြီး မနက် ၅ နာရီလောက်မှာ မီးညွှန့်ကျိုးသွားပေမဲ့ မီးကြွင်းမီးကျန်တွေ ကျန်မှာစိုးလို့ အနီးတဝိုက်နေအိမ်တိုက်ခန်းတွေကိုပါ ရေနဲ့ပက်ဖျန်းပြီး အခြေအနေစောင့်ကြည့်ခဲ့တယ်လို့ ဆိုပါတယ်။
မီးလောင်မှုကြောင့် တိုက်ခန်းတွဲက နေအိမ် ၆ လုံးမီးထဲပါသွားပြီး ပျက်စီးဆုံးရှုံးမှုတန်ဖိုး ခန့်မှန်းခြေ ဘတ်သန်းပေါင်း ၁၀၀ ကျော်မယ်လို့ တာဝန်ရှိသူက ခန့်မှန်းပါတယ်။
မီးလောင်ရတဲ့ အကြောင်းရင်းကိုတော့ သေချာမသိရသေးကြောင်း၊ သက်သေစိစစ်ရေး ရဲတပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်ကို စောင့်ရဦးမှာဖြစ်တယ်လို့ ဆိုပါတယ်။
အဆိုပါတိုက်ခန်းတွဲဟာ သက်တမ်း ၁၀၀ ကျော်ရှိပြီး မနေ့ကတော့ တန်ဆောင်မုန်းလပြည့်ဖြစ်တဲ့အတွက် အဆိုပါရပ်ကွက်ထဲမှာ တန်ဆောင်တိုင်မီးပုံးပျံလွှတ်ပွဲ၊ မီးဖောင်မျှောပွဲတွေကျင်းပပြီး အိမ်တိုင်းလို မီးပုံးတွေချိတ်ဆွဲတာ၊ ဆီမီးခွက်ထွန်းညှိတာတွေ ရှိခဲ့ပါတယ်။