ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့၊ အမှတ် ၅ ရပ်ကွက်နေ လူငယ် ၂ ဦးကို အေအေနဲ့ ဆက်နွှယ်မှုနဲ့ နိုဝင်ဘာ ၂၆ ရက် ည ၇ နာရီလောက်မှာ စစ်ကောင်စီတပ်က ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ခလ၇ ၃၈ က တပ်သား ၁၀ ယောက်လောက် ရောက်လာပြီး အသက် ၂၆ နှစ်အရွယ် ကိုညီချေနဲ့ အသက် ၂၁ နှစ်အရွယ် ကိုကျော်ကျော်ထွေးတို့ကို ဖမ်းခေါ်သွားကြတာလို့ ရမ်းဗြဲမြို့ခံတဦးက ပြောပါတယ်။
ဖမ်းဆီးခံရတဲ့သူတွေကို ဘယ်ကိုခေါ်သွားတယ်ဆိုတာ အတိအကျ မသိရသေးပါဘူး ။
ရခိုင်ပြည်နယ်မှာ ရက္ခိုင့်တပ်တော် (အေအေ)နဲ့ စစ်တပ်တို့ တကျော့ပြန် တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်တပ်က ဒေသခံ ၆၀ ထက်မနည်းကို အေအေနဲ့ ဆက်စပ်တယ်ဆိုပြီး ဖမ်းဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။