ပဲခူးတိုင်း၊ ဝေါမြို့နယ်၊ သူရဲသမိန်ကျေးရွာ နယ်မြေရဲစခန်းကို နိုဝင်ဘာ ၂၇ ရက် ဒီနေ့မနက် ၄ နာရီက စတင်ကာ KNLA၊ PDF ပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်က သေဆုံးသူနဲ့ ထိခိုက်ဒဏ်ရသူတွေ ရှိတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
စစ်ကောင်စီတပ် အထိုင်စခန်းချထားတဲ့ သူရဲသမိန်ကျေးရွာ နယ်မြေရဲစခန်းကို KNLA၊ PDF ပူးပေါင်းတပ်ဖွဲ့တွေက ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ဒေသခံတဦးက ဒီဗွီဘီကို ပြောပါတယ်။
“နှစ်ဖက်ပစ်ခတ်တာ အိမ်တွေပါတုန်တယ်။ စစ်တပ်ဘက်က လက်နက်ကြီးတွေနဲ့ ပြန်ပစ်တာဖြစ်မယ်။ စစ်သားတွေရော ရဲတွေရော သေတာရှိတယ်။”
မနက် ၄ နာရီက စတင်တိုက်ခိုက်ခဲ့တဲ့ သူရဲသမိန်နယ်မြေ ရဲစခန်းကို နေ့လယ် ၁၂ နာရီမှာ KNLA နဲ့ PDF အဖွဲ့က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ နယ်မြေခံတဦးက ဒီဗွီဘီကို ပြောပါတယ်။
“ရွာရဲ့ ဟိုဘက်မှာလည်း တိုက်နေတာ၊ ရွှေကျင်ဘက်၊ ရွှေကျင်နဲ့ ဝေါက စစ်တောင်းမြစ်ပဲခြားတာ။ ခမရ ၅၉၈ ကို တိုက်နေတာ။ အခုတော့ သူရဲသမိန်စခန်းကို PDF တွေ ရသွားပြီလို့ကြားတယ်။”
ဝေါမြို့နယ်၊ သူရဲသမိန်ကျေးရွာရှိ နယ်မြေရဲစခန်းကို KNLA နဲ့ PDF တွေ ဝင်ရောက်တိုက်ခိုက်မှုကြောင့် စစ်တပ်က သုံးဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရရှိခဲ့တယ်လို့ မြို့နယ်အုပ်ချုပ်ရေးနဲ့ နီးစပ်သူတဦးက ဒီဗွီဘီကို ပြောပါတယ်။
“နယ်မြေရဲစခန်းကို ဝင်တိုက်တာ၊ ကနဦးသတင်းအရ တပ်ဘက်က သုံးဦးကျတယ်၊ နှစ်ဦးဒဏ်ရာရတယ်။ KNLA နဲ့ PDF အဖွဲ့တွေက ပြန်ဆုတ်သွားပြီလို့ သိရတယ်။”
လတ်တလောမှာ ဝေါမြို့နယ် သူရဲသမိန်ကျေးရွာရဲ့ စစ်တောင်းမြစ်တဖက်ကမ်း ရွှေကျင်မြို့နယ် ကွမ်းဆိပ်ကျေးရွာမှာရှိတဲ့ အမှတ် ၅၉၈ ခြေမြန်တပ်ရင်းကို KNLA နဲ့ PDF အဖွဲ့က တိုက်ခိုက်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။