ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့နယ်၊ မိုင်းယု ၁၀၅ မိုင်အုပ်စုရှိ လုံခန် စစ်ကောင်စီ အမြောက်တပ်စခန်းကို နိုဝင်ဘာ ၂၆ ရက် မွန်းလွဲပိုင်းမှာ မြောက်ပိုင်းမဟာမိတ် ပူးပေါင်းအဖွဲ့က သိမ်းပိုက်လိုက်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
“မွန်းလွဲ ၁ နာရီကျော်ခန့်က သိမ်းလိုက်တာ။ တပ်မ ၉၉ လက်အောက်ခံ တပ်ရင်း ၇၉ က တပ်ရင်းမှူးလည်း ကျသွားပြီကြားတယ်” လို့ ဒေသခံတဦးက ပြောပါတယ်။
လုံခန် စစ်ကောင်စီစခန်းကို မြောက်ပိုင်းမဟာမိတ် ပူးပေါင်းအဖွဲ့က သိမ်းပိုက်ပြီးနောက် စစ်ကောင်စီတပ်က လေကြောင်းနဲ့ ၇ ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သူကပြောပါတယ်။
“တလောက မုံးကိုးမှာ ကျသွားတာက တပ်မ ၉၉ တပ်မမှူးလေ။ ဒီညနေတော့ တပ်မ ၉၉ လက်အောက်ခံ ခလရ-၇၉ တပ်ရင်းမှူး ကျတာ။ တလောက တပ်မမှူး၊ အခုက တပ်ရင်းမှူးလေ။”
လုံခန်မှာလည်း ညနေပိုင်းက လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ဒေသခံ အမျိုးသမီးတဦးက ပြောပါတယ်။
ဒါ့အပြင် နိုဝင်ဘာ ၂၆ ရက် ည ၈ နာရီလောက်က နှစ်ဖက်တိုက်ပွဲအတွင်း ယာဉ်မောင်းတဦး လက်နက်ကြီးစ ထိမှန်သေဆုံးခဲ့တယ်လို့ ဒေသခံတဦးက ပြောပါတယ်။
“၁၀၅ မိုင်မှာ ဆော်နေကြတယ်။ ကွင်းထဲလည်း လက်နက်ကြီးတွေကျတယ်။ အလယ်ရုံးကြီးနား ၁ လုံး၊ ဘောက်ချာစင်နား ၁ လုံး၊ အိမ်သာနား ၁ လုံး၊ ရဲကင်းနား ၁ လုံး ကျတယ်။”
မူဆယ် ၁၀၅ မိုင် ကမ္ဘောဇဘဏ်အနောက်နားက နေအိမ်လိုင်းခန်းမှာ လက်နက်ကြီး ကျရောက်ပေါက်ကွဲတာကြောင့် အခန်းထဲက ကားကြီးသမားတဦး ထိမှန်သေဆုံးခဲ့တာလို့ ဆိုပါတယ်။
“ကားကြီးဆရာ၊ လိုင်းခန်းမှာ ငှားနေတာ။ လိုင်းခန်းမှာ ငှားနေတဲ့ဥစ္စာကို အမိုးဖောက်ပြီး ကျလာတာ။ လိုင်းခန်းပေါ်ကျတာ။”
မူဆယ်မြို့အထွက်နားက မိဂဒါဝုန်ကုန်း/တောင်ပေါ်ဘုရားကနေ စစ်ကောင်စီတပ်က လက်နက်ကြီးတွေ ပစ်ကူတဲ့အပြင် ဂျက်ဖိုက်တာနဲ့ ညသန်းခေါင်ယံဝန်းကျင်မှာ လေးငါးကြိမ် ဗုံးကြဲသွားခဲ့ပါတယ်။
နယ်စပ်ကုန်သည်လုပ်ငန်းရှင်တွေကတော့ ယာဉ်မောင်းတွေ အပါအဝင် ကုန်တွေ၊ ကားတွေ ထိခိုက်လာမှာကို စိုးရိမ်နေကြပါတယ်။
ဒါ့အပြင် နမ့်ခမ်းမြို့ဘက်မှာလည်း တနေ့လုံး တကြိမ်ပြီးတကြိမ် လေကြောင်း ဗုံးကြဲခဲ့တာကြောင့် ပြည်သူ့နေအိမ်တွေနဲ့ အဆောက်အဦတွေ အများအပြား ထိခိုက်ပျက်စီးခဲ့ပြီး အရပ်သားပြည်သူ ၃ ဦး သေဆုံးကာ ၂ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံတွေဆီက သိရပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၃ ရက်ကလည်း သွင်းကုန်ကားတွေ ရပ်နားထားတဲ့ ဆဲဗင်းဟွာကျင့် ကားကွင်းမှာ တိုက်ပွဲကြောင့် လက်နက်ကျကွဲပြီး သွင်းကုန်ကား ၁၂၈ စီး မီးလောင်ကျွမ်းခဲ့ပြီး တန်ဖိုး သိန်းပေါင်း သိန်းချီ ဆုံးရှုံးခဲ့ရပါတယ်။